တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားနေသော 2019 Novel Corona Virus (2019 nCov) ကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးပြုလုပ်

ရန်ကုန်၊၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၄)ရက်

     တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားနေသော 2019 Novel Coronavirus (2019–nCov) ကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို (၂၀၂၀)ပြည့်နှစ်၊ ဇန်နဝါရီလ(၂၄)ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၃)၌ ကျင်းပခဲ့ပါသည်။ အစည်းအဝေးကျင်းပရခြင်း ရည်ရွယ်ချက်မှာ 2019 Novel Coronavirus (2019–nCov) ကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ခြင်းများအား သိရှိစေရန်၊ ရောဂါထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူလုထုအားလည်း အထိတ်တလန့်မဖြစ်စေရေးနှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ကြရန် ရည်ရွယ်ပါသည်။


     အဆိုပါ အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ရာတွင် ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး သတင်းပို့စနစ်များ မြန်ဆန်ထိရောက်စေရန်နှင့် အဆင့်ဆင့်တင်ပြရန်၊ ကျန်းမာရေးပညာပေးခြင်းနှင့် ဌာနဆိုင်ရာ ပူးပေါင်းမှုများတွင် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာထွန်းမြင့်က တင်ပြဆွေးနွေးရာတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော တရုတ်နိုင်ငံသား (၁၉)ဦးအနက် ဖျားနာလူနာ(၂)ဦး၏ ကုသမှု ရောဂါအခြေအနေ ကောင်းမွန်ကြောင်းနှင့် (၂၄.၁.၂၀၂၀)ရက်နေ့ နေ့လည်(၂:၃၅)တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည် ထွက်ခွာသွားကြောင်းနှင့် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနအနေဖြင့် ရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အစရှိသဖြင့် ဆွေးနွေးခဲ့ပါသည်။ ဆက်လက်ပြီး အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာဌေးဌေးတင်က အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန၏ ဆောင်ရွက်ပေးနိုင် မှုအခြေအနေနှင့် အပြည်ပြည်ဆိုင်ရာ ဓါတ်ခွဲခန်းများနှင့် ချိတ်ဆက်မှုများကို တင်ပြဆွေးနွေးခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်စုမွန် (တိုးချဲ့ကာကွယ်ဆေး/ကူးစက်/သဘာဝဘေး)က 2019 Novel Coronavirus (2019–nCov)  နှင့် ပတ်သက်၍ ကမ္ဘာပေါ်ရှိ ရောဂါဖြစ်ပွားမှု အခြေအနေနှင့် မည်ကဲ့သို့ကာကွယ် နေထိုင်ရမည့်အကြောင်းစသဖြင့် တင်ပြဆွေးနွေးပြီး Port Health Unit မှ ဒေါက်တာဉာဏ်ထက်လွင်က လေဆိပ်၊ရေဆိပ်များတွင် ဝင်ရောက်လာသော နိုင်ငံခြား ခရီးသည်များအား စောင့်ကြပ်ကြည့်ရှုပြီး သံသယလူနာရှာဖွေ လွှဲပြောင်းရန် စီစဉ်ထားရှိမှုစသဖြင့် အသီးသီး တင်ပြဆွေးနွေးခဲ့ကြပါသည်။


     ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိဂုံးချုပ်အပိတ် မိန့်ခွန်းပြောကြားရာတွင်  ပုဂ္ဂလိကဆေးရုံများနှင့် ချိတ်ဆက်ပြီး လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ ညွှန်ကြားဆောင်ရွက်ရန်၊ အချိန်မီသတင်းထုတ်ပြန်ရန် မှာကြားခဲ့ပြီး ကျန်းမာရေး ပညာပေးမှု လုပ်ငန်းများအပြင် သံရုံးများနှင့်လည်း ချိတ်ဆက်၍ သံသယလူနာ ရှာဖွေရာ တွင်လည်း ကူညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုးနှင့် တာဝန်ရှိသူများ၊  နှီးနွယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊  ဆေးရုံအုပ်ကြီးများ၊ Port Health Unit မှ တာဝန်ရှိသူများ စုစုပေါင်း (၆၀)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 

More Tags