တောင်ကြီးမြို့တွင် မျိုးဆက်ပွားကျန်းမာရေး ဆေးနှင့်ဆေးပစ္စည်း ထောက်ပံ့ဖြန့်ဖြူးရေးစနစ်အတွက် (၉) ကြိမ်မြောက် ပြည်နယ်အဆင့် အရည်အသွေးမြှင့်တင်ရေးအဖွဲ့ အစည်းအဝေး ကျင်းပ

တောင်ကြီးမြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၁၇) ရက်

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲ ၊ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ UNFPA နှင့် JSI တို့ ပူးပေါင်း၍ မျိုးဆက်ပွားကျန်းမာရေး ဆေးနှင့်ဆေးပစ္စည်း ထောက်ပံ့ဖြန့်ဖြူးရေးစနစ်အတွက် (၉) ကြိမ်မြောက် ပြည်နယ်အဆင့် အရည်အသွေးမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အစည်း အဝေးကို ပြည်နယ်အတွင်း မျိုးဆက်ပွားဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းများ ပိုလျှံ၊ ပြတ်လပ်မှု မရှိဘဲ ကောင်းမွန်လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်၊ လက်ထောက်ညွှန်ကြားရေးမှူး Dr. မေမင်းသိမ့်နှင့် Dr. လေးစန္ဒာ၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် (၂၁) မြို့နယ် မှ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးများနှင့် တာဝန်ခံများ၊ JSI မှ တာဝန်ရှိသူများ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေးတွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က အဖွင့်အမှာစကား ပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေမင်းသိမ့် က ပြည်နယ်အတွင်း RHC LS နှင့် QIT လုပ်ငန်းများ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် JSI အဖွဲ့မှ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ ပြီးစီးမှုအခြေအနေနှင့် လက်ရှိ RHC LS နှင့် QIT လုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပါသည်။

 

     ထို့နောက် ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ် (၂၁)မြို့နယ်က ၄င်းတို့၏ အတွေ့အကြုံများကို ဆက်လက်ဆွေးနွေး တင်ပြကြပြီး ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ဆွေးနွေးချက်များနှင့် တွေ့ရှိချက်များအပေါ်တွင် ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပါသည်။ ထို့ပြင် ရှေ့ဆက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက စာရင်းများတိကျမှန်ကန်မှုရှိစေရန်၊ ဆေးအမျိုးအမည်များကို ထပ်မံတိုးချဲ့ပြီး ပိုမို ထိရောက်စေရန်နှင့် စနစ်ကို ကောင်းမွန်ထိရောက်စွာ အသုံးချနိုင်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး (၁၀) ကြိမ် မြောက် အစည်းအဝေးကို ဧပြီလ၊ ၂၀၂၀ တွင် ကျင်းပရန် လျာထား၍ အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ ဤမျိုးဆက်ပွားဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်း ဖြန့်ဖြူးရေးစနစ်အတွက် အရည်အသွေးမြှင့်တင်ရေး အစည်းအဝေး ကို ပုံမှန်ကျင်းပခြင်းဖြင့် မျိုးဆက်ပွားဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းများ၏ ပိုလျှံပြတ်လပ်မှု အခြေအနေများကို သိရှိဆွေးနွေးနိုင်ပြီး လိုအပ်သလို ရွေ့ပြောင်းသုံးစွဲခြင်းနှင့် ပြန်လည်ဖြည့်တင်းခြင်းများ ပြုလုပ်နိုင်သဖြင့် ဆေးပစ္စည်းများ ပြည့်စုံဖူလုံစေရန် အထောက်အကူဖြစ်စေပါသည်။

More Tags