ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း ကရင်ပြည်နယ်၊ ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲကျင်းပ

ဘားအံ                      ဇန်နဝါရီလ (၁၇) ရက်

     ၂၀၁၈ ခုနှစ်အတွက် ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်း ပြည်နယ်အဆင့် အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ဇန်နဝါရီလ(၁၇)ရက်၊ နံနက် (၁၀)နာရီတွင် ကရင်ပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေးကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ကရင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာတင်ဝင်းကျော်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကရင်ပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှုး ဒေါက်တာဇော်လင်းက ဆင်ခြေထောက်ရောဂါ ကင်းဝေးရေးနှင့်ပတ်သက်၍ ကရင်ပြည်နယ်အတွင်း ဆောင်ရွက်ထားသည့် အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။ ၂၀၁၈ ခုနှစ်အတွက် ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်း လုပ်ငန်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့မှ (၃၁)ရက်နေ့အထိ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် (၇) မြို့နယ်တို့တွင် တစ်ပြိုင်နက် တိုက်ကျွေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။


 

     ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ် ရ.ပ.က.န အဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းမျိုးကြည်ကလည်း ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံးဆေးကျွေးခြင်းလုပ်ငန်းနှင့်ပတ်သက်သည့် အကြောင်းအရာများကိုဆွေးနွေးတင်ပြပြီး ဆေးသောက်ရမည့် ဦးတည်အုပ်စုတွင် ပါဝင်သူများအားလုံး ဆင်ခြေထောက် ကင်းဝေးရေးစီမံချက်မှ တိုက်ကျွေးမည့်ဆေးဝါးများကို ယုံယုံကြည်ကြည်နှင့်အမှန်တကယ်သောက်သုံးနိုင်ရန်နှင့် လူသား အားလုံးဆေးကျွေးခြင်းလုပ်ငန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ရန် ပြည်သူလူထု၊ နှီးနွယ်ဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် ဒေသတွင်းမီဒီယာများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

More Tags