ဆေးတက္ကသိုလ် (၁) ရန်ကုန် ကျောင်းသား/ကျောင်းသူများအား လူထုနှင့်မိသားစုကျန်းမာရေး စောင့်ရှောက်မှုဘာသာရပ်သင်ကြားနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်မြို့ ၊ မေလ (၂၃) ရက်

     မြို့နယ်ကျန်းမာရေးဦးစီးဌာနများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်းအားဖြင့် ဆေးတက္ကသိုလ် ကျောင်းသား/ကျောင်းသူများအား လူထုနှင့်မိသားစု ကျန်းမာရေးစောင့်ရှောက်မှုဘာသာရပ် သင်ကြားနိုင်ရေး ပထမအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို (၁၁.၅.၁၉)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ အပန်းဖြေခန်းမ၌ကျင်းပခဲ့ရာ ဆေးတက္ကသိုလ် (၁) ရန်ကုန် ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးနှင့် ပါမောက္ခ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ ကထိကများ၊ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် တိုင်း/ခရိုင်/မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။ ၎င်းညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာနများ၊ ဆေးရုံများတွင် အထူးကုပြင်ပလူနာဌာနများ ဖွင့်လှစ်ခြင်းအားဖြင့် ၎င်းဌာနများ၏ စွမ်းရည်ကိုမြှင့်တင်ကာ ဆေးတက္ကသိုလ် ကျောင်းသား/ကျောင်းသူ များအား လူထုနှင့်မိသားစုကျန်းမာရေးစောင့်ရှောက်မှုဘာသာရပ် လက်တွေ့သင်ကြားနိုင်ရန်နှင့် လူနာများအား ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဆောင်ရွက် ရခြင်းဖြစ်ပါသည်။

 

     အထက်ပါ အစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ပါမောက္ခချုပ်၊ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူးတို့၏ လမ်းညွှန်စီစဉ်မှုများအရ မြေပြင်အခြေ အနေများအား ကနဦးကွင်းဆင်းလေ့လာခြင်းနှင့် လိုအပ်ချက်များ ညှိနှိုင်းဆွေးနွေးခြင်းကို (၂၃.၅.၂၀၁၉) ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၊ (၃၆၊ ၄၈၊ ၅၀) ဒေသန္တရများနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့ဆေးရုံများသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။ ကွင်းဆင်းလေ့လာခဲ့သည့်အဖွဲ့တွင် ဓါတ်မှန်ပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာ ခင်လေးစု၊ ခွဲစိတ်ကုပညာဌာနမှ ပါမောက္ခဒေါက်တာမျိုးမြင့်နှင့် အရေးပေါ်ဌာနမှ ပါမောက္ခဒေါက်တာသန္တာဝင်းနွယ်တို့ ဦးဆောင်သော တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ အထူးကု ဆရာဝန်ကြီးများ၊ ဒု-တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်သစ္စာလွင် ဦးဆောင်သော ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများပါဝင်၍ ပူးပေါင်းကွင်းဆင်းခဲ့ကြပါသည်။ (၂၄.၅.၂၀၁၉) ရက်နေ့တွင်လည်း ၎င်းကွင်းဆင်းအဖွဲ့သည် ရွှေပြည်သာမြို့နယ်သို့ သွားရောက်၍ကွင်းဆင်းလေ့လာခြင်းနှင့် လိုအပ်ချက်များအား ဆွေးနွေးညှိနှိုင်းမှုကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

More Tags