စတုတ္ထအကြိမ်မြောက် တိုင်းဒေသကြီးအဆင့်မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ စီမံခန့်ခွဲမှုစနစ်၏ အရည်အသွေးမြှင့်တင်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်

မန္တလေး၊(၂၀၁၉)ခုနှစ်၊စက်တင်ဘာလ(၁၃)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲ၊ မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် John Show International, Myanmar တို့ ပူးပေါင်းကျင်းပသော စတုတ္ထအကြိမ်မြောက် တိုင်းဒေသကြီးအဆင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ စီမံခန့်ခွဲမှုစနစ် (Reproductive Health Commodities Logistic System) ၏ အရည်အသွေးမြှင့်တင်ရေးအဖွဲ့ (Regional Level Quality Improvement Team) ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၂ရက်နေ့နှင့် ၁၃ရက်နေ့တွင် မန္တလေးမြို့၊ Sakura Princess Hotel ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းမြင့် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။


     အစည်းအဝေးပထမနေ့တွင် John Show International, Myanmar မှ တာဝန်ရှိသူများက မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ စီမံခန့်ခွဲမှုစနစ်နှင့် အရည်အသွေးမြှင့်တင်ရေးအဖွဲ့တို့၏ ဆောင်ရွက်ပုံနည်းစနစ်များနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန် (မိခင်ကျန်းမာ) ဒေါက်တာသော်ထက်ဇင်က တိုင်းဒေသကြီးအဆင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ စီမံခန့်ခွဲမှုစနစ်တွင် ဆောင်ရွက်ထားရှိမှုများ၊ တိုင်းဒေသကြီးအဆင့်တွင် ၂၀၁၈ ခုနှစ် ဇွန်လမှ ၂၀၁၉ ခုနှစ် ဇွန်လအထိ တစ်နှစ်တာကာလအတွင်း သတ်မှတ်ထားသော Goals များ ပြည့်မီမှုအခြေအနေနှင့် လိုအပ်ချက်များ၊ အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး ဒေါက်တာသော်ထက်ဇင်မှ မြို့နယ်အလိုက် တစ်နှစ်တာကာလ အတွင်း သတ်မှတ်ခဲ့သော Goals များ ပြည့်မီမှုအခြေအနေ၊ ဦးစားပေးအုပ်စု(က) ဆေးဝါး(၁၀)မျိုး၏ ဆေးဝါးပြတ်လပ်မှု (Stock Out)၊ ဆေးဝါးပိုလျှံမှု (Over Stock) နှင့် ဆေးဝါးလုံလောက်မှု (Stock Adequacy) တို့ကို ရှင်းလင်းတင်ပြရာ သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ပြန်လည် ရှင်းလင်းဆွေးနွေးပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ဒုတိယ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ)တို့မှ ဦးဆောင်၍ လက်ရှိဆောင်ရွက်နေသော ဦးစားပေးအုပ်စု(က) မျိုးဆက်ပွားကျန်းမာရေး ဆေးဝါး (၁၀)မျိုးမှ တဆင့်တက်၍ သတ်မှတ်ထားသော မျိုးဆက်ပွားကျန်းမာရေး ဆေးဝါး (၃၈)မျိုးအား မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ စီမံခန့်ခွဲမှုစနစ် (RHC-LS)တွင် ထည့်သွင်းဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးရာ ခရိုင်/မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးများမှ ၎င်းစနစ်ဖြင့် မျိုးဆက်ပွား ဆေးဝါး(၃၈)မျိုးလုံးအား ဆောင်ရွက်နိုင်ရန် အားသာချက်များ၊ ကြုံတွေ့ရနိုင်သော အခက်အခဲများနှင့် လိုအပ်ချက်များအား တင်ပြဆွေးနွေးကြပါသည်။


     အစည်းအဝေးဒုတိယနေ့အား ဆက်လက်ကျင်းပရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်မိုရ်စိုး က အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာသော်ထက်ဇင်က တိုင်းဒေသကြီးအဆင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ စီမံခန့်ခွဲမှုစနစ်တွင် ဆောင်ရွက်ထားရှိမှုများ၊ တိုင်းဒေသကြီးအဆင့်တွင် ၂၀၁၈ ခုနှစ် ဇွန်လမှ ၂၀၁၉ ခုနှစ် ဇွန်လအထိ တစ်နှစ်တာကာလအတွင်း သတ်မှတ်ထားသော Goals များ ပြည့်မီမှု အခြေအနေနှင့် လိုအပ်ချက်များ၊ အခက်အခဲများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး  မြို့နယ်အလိုက် RHC-LS Focal Person က မြို့နယ်အဆင့် RHC-LS စနစ်နှင့် လစဉ် QIT အစည်းအဝေး ဆောင်ရွက်ချက်များ၊ အခက်အခဲများ၊ မျိုးဆက်ပွားဆေးဝါးများ ပြတ်လပ်မှု၊ ပိုလျှံမှု၊ လုံလောက်မှုအခြေအနေများကို တင်ပြ ဆွေးနွေးရာ ဒုတိယညွှန်ကြားရေးမှူး (မိခင်၊မျိုးဆက်ပွား)၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ)နှင့် တက်ရောက်လာသော မြိုန့ယ် RHC-LS Focal Person များနှင့် စတိုတာဝန်ခံများက ဝိုင်းဝန်းဆွေးနွေးကြပြီး ပိုလျှံ ဆေးဝါးများကို ဆေးဝါးပြတ်လပ်မှုရှိနေသော မြို့နယ်များသို့ reallocation ပြုလုပ် ဆောင်ရွက်ခဲ့ကြပါသည်။ မြို့နယ်အဆင့် implementation level တွင် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေကြသော တာဝန်ခံများက မျိုးဆက်ပွား ဆေးဝါး (၃၈)မျိုးအား RHC-LS စနစ်အသုံးပြု၍ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံများ၊ တိုက်နယ်ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနများနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲများသို့ Pull System ဖြင့် ထောက်ပံ့ဆောင်ရွက်ရာတွင် ကြုံတွေ့ရနိုင်သော အခက်အခဲများ၊ လိုအပ်ချက်များ၊ အားသာချက်များအား ဆွေးနွေး တင်ပြကြပါသည်။


     ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူး (မိခင်၊မျိုးဆက်ပွား)နှင့်  ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(ပြည်သူ့ကျန်းမာ)တို့က မျိုးဆက်ပွားကျန်းမာရေး ဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ စီမံခန့်ခွဲမှုစနစ်အား မြို့နယ်အဆင့်တွင် အကောင်းဆုံး ဆောက်ရွက်နိုင်ခဲ့သော တံတားဦးမြို့နယ်၊ ကျေးလက်ကျန်းမာရေးဌာနအဆင့်တွင် အကောင်းဆုံး ဆောင်ရွက် နိုင်ခဲ့သော ပင်းတလဲ တိုက်နယ်ကျန်းမာရေးဌာန၊ ဝမ်းတွင်းမြို့နယ်နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲအဆင့်တွင် အကောင်းဆုံးဆောင်ရွက်နိုင်ခဲ့သော  ခင်လူးကျေးလက်ကျန်းမာရေးဌာနခွဲ၊ မတ္ထီလာမြို့နယ်တို့အား ဂုဏ်ပြု အသိအမှတ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အစည်းအဝေးတွင် မြို့နယ်အားလုံးတွင် မျိုးဆက်ပွားကျန်းမာရေးဆေးဝါး (၃၈)မျိုးအား RHC-LS စနစ်တွင် ထည့်သွင်း၍ Pull System ဖြင့် ထောက်ပံ့ဆောင်ရွက်ရန် သဘောတူဆုံးဖြတ်ခဲ့ပါသည်။


     ၎င်းအစည်းအဝေးတွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် မြို့နယ်များမှ မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေး တာဝန်ခံများဖြစ်ကြသော အဖွဲ့ခေါင်းဆောင်ဆရာဝန် (မိခင်ကျန်းမာ)များ၊ လက်ထောက်ကျန်းမာရေးမှူးများ၊ မြိုနယ်/ပြည်သူ့ကျန်းမာရေး သူနာပြုဆရာမကြီးများနှင့် စတိုတာဝန်ခံ Pharmacistsများ၊ Compoundersများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး John Show International, Myanmar မှ တာဝန်ရှိသူများက မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ဆေးပစ္စည်းများ စီမံခန့်ခွဲမှုစနစ်၏ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ နည်းပညာပံ့ပိုး မှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

More Tags