စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးတွင် လက်မောင်း အရေပြား အောက်ထည့် သားဆက်ခြား ပစ္စည်းဆိုင်ရာ ဆင့်ပွားသင်တန်း ကျင်းပပြုလုပ်

မုံရွာ၊၂၀၁၉ခုနှစ် သြဂုတ်လ (၂၀) ရက်

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေးဌာနခွဲ၊ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ Marie Stopes Myanmar အဖွဲ့နှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့ပူးပေါင်း၍ လက်မောင်းအရေပြား အောက်ထည့် သားဆက်ခြားပစ္စည်းဆိုင်ရာ ဆင့်ပွားသင်တန်း (Multiplier Training on Long Acting Reversible Contraception – Implants) ကို (၂၀.၈.၂၀၁၉) ရက်နေ့ မှ (၂၃.၈.၂၀၁၉) ရက်နေ့ထိ မုံရွာပြည်သူ့ဆေးရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် မုံရွာပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသိန်းဝင်း က နှုတ်ခွန်းဆက် အမှာကား ပြောကြားပါသည်။ ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာညီညီလွင် က သင်တန်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များ၊ Family Planning 2020 တွင် ပြည့်မီအောင် ဆောင်ရွက်ရမည့် အညွှန်းကိန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

 

     ထို့နောက် မုံရွာပြည်သူ့ဆေးရုံကြီး၊ သားဖွားမီးယပ်ဌာနမှ အထူးကုဆရာဝန်ကြီး၊ ဒေါက်တာသင်းသင်းဝေ က သင်တန်းတွင် သင်ကြားပေးမည့် အစီအစဉ်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းအား ပြည်သူလူထုများအနေဖြင့် သားဆက်ခြားနည်းလမ်းများ ပိုမိုကျယ်ပြန့်စွာနှင့် စိတ်ကြိုက်ရွေးချယ် အသုံးပြုလာနိုင်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါသင်တန်းသို့ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ မင်းကင်းမြို့နယ်၊ မော်လိုက်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မြောင်မြို့နယ်၊ ချောင်းဉီးမြို့နယ်၊ မုံရွာမြို့နယ်များရှိ ပြည်သူ့ဆေးရုံများနှင့် တိုက်နယ်ဆေးရုံများမှ ဆရာဝန်များ စုစုပေါင်း (၁၈)ဦး တက်ရောက်ခဲ့ကြပါသည်။

More Tags