စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များနှင့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ပူးပါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်

မုံရွာမြို့၊ (၂၀၂၀) ခုနှစ်၊ မတ်လ (၂၅) ရက်

     စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆောင်ရွက်နေသော လူမှုရေးအသင်းအဖွဲ့များနှင့် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ (COVID-19) ရောဂါကာကွယ် ထိန်းချုပ်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၂၀၂၀)ခုနှစ်၊ မတ်လ(၂၅)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာညီညီလွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဆားလင်းကြီး မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ဘုတလင်မြို့နယ်များရှိ လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် များ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင်ဆရာဝန် (အထူးရောဂါနှိမ်နင်းရေး) ဒေါက်တာကျော်သူဆွေမှ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို လည်းကောင်း၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာညီညီလွင်မှ လူမှုရေးအသင်းအဖွဲ့များ၏ အခန်းကဏ္ဍများ၊ လူနာများကို လူနာတင်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရာတွင် လိုက်နာရမည့် အချက်များ၊ လူနာနှင့် ထိတွေ့ပြီး ပိုးသန့်စင်ခြင်းလုပ်ငန်းများ၊ မြို့နယ်အသီးသီးတွင် တာဝန်ပေးအပ် ထားသော အသွားအလာကန့်သတ်ခြင်းဆိုင်ရာ စောင့်ကြပ်ကြည့်ရှုခြင်းအရာရှိ (Quarantine Officer) များနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက် လာကြသူများမှ သိလိုသည်များကို ဆွေးနွေးခဲ့ကြပါသည်။

More Tags