စစ်ကိုင်းတိုင်းဒေသကြီးတွင် သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်းထည့်သွင်းခြင်းဆိုင်ရာ လက်တွေ့သင်တန်း (ဆရာဖြစ်သင်တန်း) ဒုတိယအသုတ် ကျင်းပဆောင်ရွက်

မုံရွာမြို့၊၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၅) ရက်

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲ၊ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ Marie Stopes Myanmar အဖွဲ့နှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) တို့ပူးပေါင်း၍ သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်း ထည့်သွင်းခြင်းဆိုင်ရာ လက်တွေ့သင်တန်း (ဆရာဖြစ်သင်တန်း) ဒုတိယအသုတ်ကို (၅.၁၁.၂၀၁၉) ရက်နေ့မှ (၇.၁၁.၂၀၁၉) ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး (ပြည်သူ့ကျန်းမာ) ဒေါက်တာညီညီလွင်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး သင်တန်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များ၊ Family Planning 2020 တွင် ပြည့်မီအောင် ဆောင်ရွက်ရမည့် အညွှန်းကိန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ သင်တန်းအား ပြည်သူလူထုများအနေဖြင့် သားဆက်ခြားနည်းလမ်းများ ပိုမိုကျယ်ပြန့်စွာနှင့် သုံးစွဲသူစိတ်ကြိုက် ရွေးချယ်အသုံးပြုလာနိုင်စေရန် ရည်ရွယ်၍ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

 

     အဆိုပါသင်တန်းသို့ မုံရွာမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ဝက်လက်မြို့နယ်၊ ​ရွှေဘိုမြို့နယ်၊ ခင်ဉီးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ကနီမြို့နယ်၊ ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ဝန်းသိုမြို့နယ်၊ ကောလင်းမြို့နယ်များရှိ သင်တန်းသား စုစုပေါင်း (၂၂)ဦး တက်ရောက်ခဲ့ကြပါသည်။ ဆရာဖြစ်သင်တန်း ပြီးမြောက်ပါက ခရိုင်အဆင့် ဆင့်ပွားသင်တန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသန္တရ ကျန်းမာရေးဌာန၊ တိုက်နယ်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၊ မိခင်ကလေး ကျန်းမာရေးဌာနတိုင်းတွင် သားအိမ်တွင်းထည့်သားဆက်ခြားခြင်းလုပ်ငန်းကို ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ပါသည်။

More Tags