စီမံခန့်ခွဲမှုအထောက်အကူပြု ကျန်းမာရေးသတင်းစနစ်လက်စွဲစာအုပ် ပုံစံအသစ်အသုံးပြုခြင်း ဆရာဖြစ်သင်တန်း (ပထမအသုတ်) ရန်ကုန်မြို့တွင် ကျင်းပ

ရန်ကုန်၊ မတ်လ (၁၁) ရက်

     (၁၁.၃.၂၀၁၉)ရက်နေ့၊ နံနက် (၈:၃၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ဖိုးစိန်လမ်းရှိ Western Green Hill Hotel ခန်းမတွင် စီမံခန့်ခွဲမှုအထောက်အကူပြု ကျန်းမာရေးသတင်းစနစ် လက်စွဲစာအုပ် ပုံစံအသစ် အသုံးပြုခြင်း တိုင်းဒေသကြီးအဆင့် ဆရာဖြစ်သင်တန်း ၂၀၁၉ ခုနှစ်၊ ပထမအသုတ်ဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     ဖွင့်ပွဲအခမ်းအနားတွင် အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ပြုလုပ်သည့်သင်တန်းသို့ တက်ရောက်လာကြသော သင်တန်းသား/သူများ အနေဖြင့် ယခု ၂၀၁၉ ခုနှစ်တွင် အသစ်ပြန်လည်မွမ်းမံထားသော စီမံခန့်ခွဲမှုအထောက်အကူပြု ကျန်းမာရေး သတင်းစနစ် လက်စွဲစာအုပ် ပုံစံအသစ်ကို ကျွမ်းကျင်စွာ တတ်မြောက်အောင် လေ့လာသင်ယူပြီး မိမိတို့မြို့နယ်အသီးသီးတွင် ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချသွားကြရန်၊ လကုန်ရက် အစည်းအဝေးများတွင် ကဏ္ဍ (၆)ရပ်ဖြင့်ကျင်းပပြီး ယခုသင်တန်းမှ ပို့ချပေးလိုက်သော ပုံစံအသစ်ကို ကျန်းမာရေးဝန်ထမ်းများ အချင်းချင်း ပြန်လည်မျှဝေကြရန်၊ သင်တန်းမှထောက်ပံ့ ပေးလိုက်သော စာရွက်စာတမ်းနှင့် သင်ရိုးညွှန်းတမ်းများကို အမြဲတစေ အကျွမ်းတဝင်ဖြစ်နေအောင် အသုံးပြုတင်ပြကြရန်စသဖြင့် မှာကြားသွားပါသည်။

 

     အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန(နေပြည်တော်) ကျန်းမာရေးသတင်းအချက်အလက်ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်သက်မူနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်နှင့် ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဖိတ်ကြားထားသော သင်တန်းသား/သင်တန်းသူများ၊ စုစုပေါင်း (၈၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

 
 

More Tags