စံပြယင်လုံအိမ်သာ အသိပညာပေး ဆောက်လုပ် ရှင်းလင်းခြင်းအခမ်းအနား စစ်တွေမြို့ ကျေးလက်ဒေသ၌ ကျင်းပပြုလုပ်

စစ်တွေမြို့၊ မေလ (၂၁) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အတွင်း ပတ်ဝန်းကျင်သန့်ရှင်းရေလူထုလှုပ်ရှားမှု အသိပညာပေး လူထုလှုပ်ရှားမှု အစီအစဉ်တစ်ခုဖြစ်သော စံပြယင်လုံအိမ်သာ အသိပညာပေး ဆောက်လုပ် ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့မွန်းလွှဲပိုင်းတွင် စစ်တွေမြို့နယ် ပါဒလိပ်ကျေးရွာ၌ ကျင်းပြုလုပ်ရာ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ကျော်ထွေးမှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။

 

     ထိုအခမ်းအနားသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နေပြည်တော် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့်အဖွဲ့၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲ၊ ကျောင်းကျန်းမာရေးဌာနခွဲ၊ သဘာဝဘေးနှင့်ပြည်သူ့ကျန်းမာရေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေးဌာနခွဲတို့မှ အရာရှိများ၊ စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် အခြေခံကျန်းမာရေးပညာရှင်များ၊ Unicef အဖွဲ့မှ တာဝန်ခံများ တက်ရောက်ခဲ့ကြပါသည်။

 

     အဆိုပါအခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန နေပြည်တော်မှ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ၊ ပတ်ဝန်းကျင် ကျန်းမာရေးဌာနခွဲ၊ ကျောင်းကျန်းမာရေးဌာနခွဲတို့မှ တာဝန်ခံတို့မှ ကျေးရွာနေ ပြည်သူလူထုအား ယင်လုံအိမ်သာဆောက်လုပ်အသုံးပြုခြင်း၏ ဆောက်လုပ်ပုံ နည်းစနစ်၊ သုံးစွဲပုံ၊ အကျိုးကျေးဇူးများ၊ လက်ဆေးခြင်း နည်းစနစ်များ၊ မစင်နှင့် ညစ်ညမ်းသောရေမှတဆင့် ဖြစ်တတ်သောရောဂါများအကြောင်း၊ ကျောင်းသား/သူများအား ကျန်းမာရေးအသိပညာများကို ကျောင်းတွင် ထည့်သွင်းပြောဆိုသင်ပြစေရန် ဆရာ/ဆရာမများအား တိုက်တွန်းပြောကြားခြင်း စသည်တို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။

 

     ၎င်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့သည် ပါဒလိပ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနသို့ သွားရောက်ခဲ့ပြီး ဒေသခံအခြေခံကျန်းမာရေး ပညာရှင်များတွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်ခဲ့ပါသည်။

More Tags