ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်ထိန်းသိမ်းရေးစီမံချက်မှ ပြည်သူများအား ကွင်းဆင်းဆေးကုသမှုပေး

လွိုင်ကော်၊ နိုဝင်ဘာလ (၁၂) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ မကူးစက်နိုင်သော ရောဂါများ ကာကွယ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ရန် လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကျွမ်းကျင်မှုဆိုင်ရာ အကြံပေးပညာရှင်၊ ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးဆေးကုဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာနွယ်နွယ် ဦးဆောင်သော နှလုံးအထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အဖွဲ့သည် ကယားပြည်နယ်ရှိ ပြည်သူလူထုအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးဝါးကုသမှု ဆောင်ရွက်ပေးခြင်း များအား (၉-၁၁-၂၀၁၈) ရက်နေ့မှ (၁၀-၁၁-၂၀၁၈) ရက်နေ့အထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ကယားပြည်နယ် အစိုးရ အဖွဲ့နှင့် ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ပါသည်။

 

     ကွင်းဆင်း၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်းစတင်ခြင်း အခမ်းအနားအား (၉-၁၁-၂၀၁၈)ရက်နေ့ နံနက်(၈:၀၀)တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်၊ အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

 

     အဆိုပါ ဆေးကုသခြင်း လုပ်ငန်းအား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒေါက်တာကျော်ကံကောင်း၊ ကယား ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာခင်မောင်ရင်၊ လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး၊ ဒေါက်တာရဲမြင့်အောင်နှင့် အထူးကုဆရာဝန်ကြီးများက စုစုပေါင်းလူနာ (၉၀၃)ဦးအား ကုသပေးခဲ့ကာ နှလုံးအထူးကုဌာနများရှိရာ ဆေးရုံကြီးများသို့ လွှဲပြောင်းကုသရန် လိုအပ်သော လူနာ(၃၄)ဦးအား လွှဲပြောင်းကုသနိုင်ရန် စီစဉ်ပေးခဲ့ပါသည်။

 

     ထိုသို့အခမဲ့ ကွင်းဆင်းဆေးကုသရာတွင် ဆီးချို၊ သွေးချို ရောဂါ၊ သွေးတွင်းအဆီဓာတ်များခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း၊ သွေးတိုးခြင်း အစရှိသည့် ကျန်းမာရေးပြဿနာများနှင့် ရောဂါများအား စစ်ဆေးပေးခြင်းနှင့် လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

   

 

More Tags