ကနီမြို့နယ်သို့ အထူးကုဆရာဝန်ကြီးများအဖွဲ့ ကွင်းဆင်းဆေးကုသမှုလုပ်ငန်းများဆောင်ရွက်

ကနီ၊ မေလ (၂၂) ရက်

     စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်သို့ မုံရွာပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့သည် ကွင်းဆင်းဆေးကုသမှု လုပ်ငန်းအား (၂၂.၅.၂၀၁၉) ရက်နေ့ နံနက်ပိုင်း၌ ကနီမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ကွင်းဆင်းဆေးကုသခြင်း အခမ်းအနားတွင် ကနီမြို့နယ်အတွင်းရှိ လာရောက်ပြသသော လူနာများမှ အရိုးအထူးကုသခြင်း (၁၃၆)ဦး၊ အကြောအဆစ် အထူးကုသခြင်း (၁၀၀) ဦး၊ ခွဲစိတ်အထူးကုသခြင်း (၃၄) ဦး၊ အရေပြားအထူးကုသခြင်း (၄၃) ဦး၊ ကလေးအထူးကုသခြင်း (၃၈) ဦး၊ မျက်စိအထူးကုသခြင်း (၁၈၂) ဦး၊ သားဖွားမီးယပ် အထူး ကုသခြင်း (၃၇) ဦး၊ သွားအထူးကုသခြင်း (၃၅) ဦး၊ အထွေထွေရောဂါအထူးကုသခြင်း (၃၇၄) ဦး၊ စုစုပေါင်းလူနာ (၉၇၉) ဦးအား ကုသမှုပေးနိုင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းမှ လာရောက်ပြသသောလူနာများအား အားပေးနှစ်သိမ့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

 

     ထို့နောက် လာရောက်ပြသသော လူနာများအား စုပေါင်းလှူဒါန်းထားသော အလှူငွေများဖြင့် ထမင်းဘူးနှင့် ရေသန့်ဘူး ဝေငှခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

More Tags