ကချင်ပြည်နယ်အတွင်းရှိ သွေးတိုး၊ နှလုံးရောဂါဝေဒနာရှင်များကို အခမဲ့ ရောဂါရှာဖွေကုသပေး

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မကူးစက်နိုင်သော ရောဂါများကာကွယ်နှိမ်နှင်းရေးဌာနခွဲ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးဆေးကုသဌာနနှင့် ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကချင်ပြည်နယ်အတွင်းရှိ သွေးတိုး ၊ နှလုံး ရောဂါဝေဒနာရှင်များအား ရောဂါရှာဖွေကုသမှုများကို (၈.၁၁.၂၀၁၉) မှ (၉.၁၁.၂၀၁၉) နေ့အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနား အထွေထွေရောဂါကုဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ပါသည်။


 

     ထိုသို့ရောဂါရှာဖွေကုသမှုများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးဆေးကုသဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာ နွယ်နွယ် ဦးဆောင်သော နှလုံးအထူးကုသမားတော်ကြီးများနှင့်အတူ ကချင်ပြည်နယ် မြစ်ကြီးနားအထွေထွေရောဂါကုဆေးရုံကြီး ကျန်းမာရေးဝန်ထမ်းများက လာရောက်ပြသသော ရောဂါ ဝေဒနာရှင်များကို နှလုံးရောဂါ ၊ သွေးတိုးရောဂါ ရှိ/မရှိ စစ်ဆေးပေးခြင်း ၊ ECG ရိုက်ပေးခြင်း ၊ သွေးစစ်ဆေးပေးခြင်းနှင့် နှလုံး Echocardiogram ရိုက်ခြင်းနှင့် လိုအပ်သော ဆေးဝါးကုသပေးခြင်း ဆောင်ရွက်ခဲ့ရာ စုစုပေါင်း လူနာ ( ၅၆၀ ) ဦးအား ကုသပေးခဲ့ပါသည်။


 

     အဆိုပါ ရောဂါရှာဖွေကုသမှုလုပ်ငန်းသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ၊ လူမှုရေးဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ပြည်နယ် ဥပဒေချုပ်နှင့်အဖွဲ့ဝင်များမှ လာရောက်ကူညီပံ့ပိုးပေးပါသည်။

     ထိုဆေးကုသပေးခြင်းလုပ်ငန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းနှင့် မိသားစုတို့က ကူညီပေးခဲ့ပြီး စေတနာရှင်များက ဝိုင်းဝန်းပံ့ပိုးပေးခဲ့ပါသည်။


 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ပြည်သူလူထုအတွင်း နှလုံးနှင့် နှလုံးသွေးကြောကျဉ်းရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်ကုသမှုများကို ပြည်သူလူထုအား တစ်ပြေးညီ ဆောင်ရွက်ပေးရန်နှင့် ဆီးချိုသွေးချိုရောဂါကာကွယ်ရေးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းများကို ပါမောက္ခ ဒေါက်တာနွယ်နွယ်နှင့် ဆေးတက္ကသိုလ် (၂) ဆီးချိုနှင့် ဟောမုန်းရောဂါကုဌာနမှ တာဝန်ရှိသူများ ဦးဆောင်၍ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ဆရာဝန်များကို ( ၆.၁၁.၂၀၁၉ ) မှ ( ၈.၁၁.၂၀၁၉ ) နေ့အထိ သင်တန်းပေးခြင်းကိုလည်း ဆောင်ရွက်ပေးခဲ့ပါသည်။


 
 
 
 
 

More Tags