ကချင်ပြည်နယ်အစိုးရအဖွဲလူမှုရေးဝန်ကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မိုးညှင်းမြို့နယ်သို့ ကွင်းဆင်းကြည့်ရှု

မိုးညှင်းမြို့ ၊ (၂၀၁၉) ခုနှစ် ဇူလိုင်လ (၈) ရက်

     ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနေဝင်းနှင့်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ် ဇူလိုင်လ (၈)ရက်နေ့တွင်  မိုးညှင်းခရိုင်ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ မိုးညှင်းဆေးရုံတွင် လူနာများ တက်ရောက်ကုသနေမှု၊ လက်တလောဖြစ်ပွားနေသည့် ရာသီတုပ်ကွေး၊ သွေးလွန် တုပ်ကွေးနှင့် ဆင်တုပ်ကွေး များ ဖြစ်ပွားမှုအခြေအနေများကို ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။


 

     ထို့နောက် လက်တလောဖြစ်ပွားနေသည့် Chikungunya(သို့) ဆင်တုပ်ကွေးရောဂါကြောင့် ပြည်သူများအထိန့်တလန့်မဖြစ် စေရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရနှ်နှင့် အထူးသဖြင့် ပိုးလောက်လန်းနှိမ်နင်းသည့် ဖုံး ၊သွန် ၊လဲ ၊ စစ်လုပ်ငန်းများကိုလည်း ကျန်းမာရေးဌာန တစ်ခုတည်းမဟုတ်ပဲ သက်ဆိုင်ရာ ဒေသအာဏာပိုင်၊ မြို့မိမြို့ဖများ ၊ လူမှုရေးအသင်း အဖွဲ့များ စုပေါင်း၍ ထိထိ ရောက်ရောက် ဆောင်ရွက်ရန်၊ သို့မှသာဆင်တုပ်ကွေးရောဂါ သာမက သွေးလွန်တုပ်ကွေးရောဂါကဲ့သို့ ခြင်မှတစ်ဆင့် ကူးစက်ပြန့်ပွားသောရောဂါများကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းလုပ်ဆောင်ရာတွင် လိုအပ်ချက်များရှိပါက ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြတောင်းခံနိုင်ပါကြောင်း ဆွေးနွေးမှာကြားခဲ့ပါသည်။


 

     ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် ဆေးရုံတွင် လူနာများတက်ရောက်နေမှု အခြေအနေနှင့် နားခါရပ်ကွက်ဓမ္မာရုံတွင် ဆေးခန်းဖွင့်လှစ်ပြီး ဆေးကုသနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု၍ လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားခဲ့ပါသည်။

More Tags