ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် 2019 Novel Coronavirus (2019-nCoV) ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ် တားဆီးခြင်းလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်

မြစ်ကြီးနားမြို့၊၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ(၂၈)ရက်

     2019 Novel Coronavirus (2019-nCoV) ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကြိုတင် ကာကွယ်တားဆီးခြင်း လုပ်ငန်းများကို မြစ်ကြီးနားမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်၍ အရှန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရှိရာ Airport Surveillance အနေဖြင့် မြစ်ကြီးနားလေဆိပ်တွင် Fever Surveillance နှင့် ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို နေ့စဉ်လေယာဉ်ဆိုက်ရောက်ချိန်များတိုင်းတွင် Guideline များအတိုင်း အတိအကျလိုက်နာ၍ ဆောင်ရွက်လျက်ရှိပြီး ကချင်ပြည်နယ် ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး (ပြည်သူ့ကျန်းမာ)ဒေါက်တာလှိုင်လှိုင်ဌေး ဦးဆောင်ပြီး မြစ်ကြီးနားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဖြိုးန္ဒာဆွေနှင့် အဖွဲ့တို့ ကွင်းဆင်း ကြီးကြပ်ခဲ့ပါသည်။


     ထိုသို့ကွင်းဆင်းကြီးကြပ်ရာတွင် လေကြာင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောနွဲ့ဖဟိန်းစေနှင့်အဖွဲ့မှ ပူးပေါင်းပါဝင်ခဲ့ပြီး လေယာဉ်စီး ခရီးသည်များ မြင်တွေ့နိုင်မည့် နေရာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ စတင်ဖြစ်ပွားသော 2019 Novel Coronavirus (2019-nCoV) အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ သိကောင်းစရာများ၊ ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာ သတိပေးချက်၊ အသက်ရှူလမ်းကြောင်း ရောဂါများဆိုင်ရာ ကျန်းမာရေး အသိပေးလမ်းညွှန်ချက် ပိုစတာများကို ပြသထားခြင်း၊ လေယာဉ်ဆင်းသက်သည့် အချိန်အတိုင်းတွင် ကျန်းမာရေး ဌာနမှ Fever Surveillacne လုပ်ဆောင်ရန်အတွက် လေယာဉ်ချိန် ဇယားများအတိုင်း စီစဉ်ဆောင်ရွက်ခြင်း စသည်တို့ကို ဆက်လက်လုပ်ဆောင်ရန် ပေါင်းစပ်ညှိနှိုင်းခဲ့ပါသည်။


     မြစ်ကြီးနားမြို့နယ်ပြည်သူ့ကျန်းမာရေးဌာန လက်အောက်ရှိ ကျန်းမာရေးဌာနများ အားလုံးကိုလည်း ရောဂါ သဘာဝနှင့် ဆောင်ရွက်လိုက်နာရမည့် Guidelineများ ဖြန့်ဝေအသိပေးပြီးထားပြီး 2019 Novel Coronavirus  (2019-nCoV) အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်တားဆီးခြင်း လုပ်ငန်းများကို ဆက်လက်၍ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

More Tags