ကချင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်

မြစ်ကြီးနားမြို့၊ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်

     ကချင်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် အဏုစိတ်စီမံချက်ရေးဆွဲခဲ့ပြီး ဧပြီလမှ စတင်၍ မြို့နယ်အသီးသီးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ လူနေထူထပ်ပြီး ပတ်ဝန်းကျင်အခြေအနေအရ ခြင်ပေါက်ပွားမှုများပြားသည့် ရပ်ကွက်ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများပြားခြင်း ၊ သေဆုံးမှုရှိခြင်းတို့ကြောင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပါသည်။

     သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရာတွင် အခြေခံကျ၍ အထိရောက်ဆုံးဖြစ်သည့် ခြင်လောက်လန်းနှိမ်နင်းရေးလုပ်ငန်းများကို ရပ်ကွက်/ကျေးရွာများအတွင်း အပတ်စဉ်ဆောင်ရွက်ရန် ပညာပေးခြင်းနှင့် လူထုနှင့်အတူတကွ ဖုန်းသွန်လဲစစ် လုပ်ဆောင်ခြင်း ၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုတွေ့ရှိပါက ခြင်ဆေးမှုတ်ခြင်း (fogging)၊ ဆေးရုံဆေးခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် ဆရာဝန်များကို clinical management on DHF training ပေးခြင်း၊ စနစ်တကျ ခြင်ဆေးမှုတ်နည်းသင်တန်းပေး၍ ICRC မှ ကူညီပံ့ပိုးမှုဖြင့် ခြင်ဆေးမှုတ်စက် (fogging machines) များကို ဖြစ်ပွားမှုများသည့် ကျန်းမာရေးဌာနများသို့ ဖြန့်ဝေပေးခြင်းနှင့် ခြင်ဆေးမှုတ်ရာတွင်လိုအပ်သည်များ စီမံပေးခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး/တာဝန်ရှိသူများနှင့် အသိပေးဆွေးနွေးပွဲများ ထပ်မံပြုလုပ်၍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်း များဆောင်ရွက်လျက်ရှိပါသည်။

 

     ထို့ပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန (နေပြည်တော်)၊ ဗဟိုရောဂါမျိုးသယ်ဆောင်သောပိုးမွှားကောင်များမှတဆင့်ကူးစက်တတ်သောရောဂါများကာကွယ်နှိမ်နင်းရေးဌာန၊ အထူးရောဂါ နှိမ်နင်းရေးဌာနများမှ အထောက်အပံ့နှင့် Rapid Response Team လာရောက်ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးကို လျင်မြန်ထိရောက်စွာ အထူးအလေးထား လုပ်ဆောင်လျက်ရှိပါသည်။

     အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လူမှုရေးဝန်ကြီးများဦးဆောင်သည့် ဌာနဆိုင်ရာများ (မီးသတ်တပ်ဖွဲ့၊ မိခင်ကလေး စသည့် အဖွဲ့အစည်းများ)အတူတကွ ပူးပေါင်းပါဝင်လုပ်ဆောင်လျက်ရှိပါပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁၄) နှင့် (၁၅)ရက်နေ့များတွင် မြစ်ကြီးနားမြို့ရှိ ရပ်ပူနှင့် စီတာပူရပ်ကွက်များတွင် ဖုန်းသွန်လဲစစ်လုပ်ငန်းများ ကို လူထုလုပ်ရှားမှုအနေဖြင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦိးဆောင်၍ လုပ်ဆောင်ခဲ့ပါသည်။

     ဆက်လက်၍ကချင်ပြည်နယ်အတွင်းသွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် မိမိအိမ်အတွင်းနှင့် အိမ်ပတ်ဝန်းကျင်တွင် ဖုန်းသွန်လဲစစ် လုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကဆေးရုံ/ဆေးခန်း၊ ကျန်းမာရေးဝန်ဆောင်မှုဆောင်ရွက်သူများအနေဖြင့် လူနာ(သံသယလူနာ) တွေ့ရှိပါက ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ စောလျင်စွာသတင်းပေးပို့ခြင်းများဖြင့် ပူးပေါင်းပါဝင်ကြစေရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

More Tags