ကျန်းမာရေးနှင့်ဆယ်ကျော်သက်လူငယ်ကျန်းမာရေး အသိပေးဆွေးနွေးပွဲကျင်းပ

မုံရွာမြို့၊ စက်တင်ဘာ (၁၅)ရက်

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးဌာနခွဲသည် ကျောင်းကျန်းမာရေးနှင့်ဆယ်ကျော်သက်လူငယ်ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရန်နှင့် သက်ဆိုင်ရာဌာနများ၊ ပြည်သူလူထုများပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ (၂၀၁၈-၂၀၁၉)ပညာသင်နှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ်များတွင် ကျောင်းကျန်းမာရေးကော်မတီဝင်များ၊ ခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်အခြေခံပညာဦးစီးဌာနတို့မှ ကျောင်းကျန်းမာရေးတာဝန်ခံများအား ကျောင်းကျန်းမာရေးနှင့်ဆယ်ကျော် သက်လူငယ်ကျန်းမာရေးလုပ်ငန်းများ အသိပေးဆွေးနွေးပွဲများပြုလုပ်ရန် လုပ်ငန်းစဉ်များချမှတ်အကောင်အထည်ဖော်လျက်ရှိရာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မုံရွာမြို့တွင်ကျောင်း ကျန်းမာရေးနှင့်ဆယ်ကျော်သက်လူငယ်ကျန်းမာရေး အသိပေးဆွေးနွေးပွဲကျင်းပခဲ့ပါသည်။

 

     အဆိုပါဆွေးနွေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးလူမှုရေးဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျောင်းကျန်းမာရေးဌာနခွဲမှ ညွှန်ကြားရေးမှူး(ကျောင်းကျန်းမာ)က ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်အသေးစိတ်နှင့်၊ ရှေ့လုပ်ငန်းစဉ်များ၊ စိန်ခေါ်မှုများနှင့်ဖြေရှင်းရန်နည်းလမ်းများအားလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး(ဆယ်ကျော်သက်လူငယ်ကျန်းမာရေး)က ကျောင်းကျန်းမာရေးကော်မတီအဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် ၎င်းတို့၏တာဝန်ဝတ္တရားများအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး (ကျောင်းကျန်းမာရေးစီမံချက်)က ကျောင်းကျန်းမာရေးဌာနခွဲမှ အသစ်ပြင်ဆင်ထုတ်ဝေထားသော ကျောင်းကျန်းမာရေးလက်စွဲနှင့် မြို့နယ်နှင့်ကျောင်းအဆင့် ကျောင်းကျန်းမာရေးနှင့်ဆယ်ကျော်သက်လူငယ်ကျန်းမာရေး သင်တန်းဆရာလက်စွဲ များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ အသိပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသော စစ်ကိုင်းတိုင်းဒေသကြီး ကျောင်းကျန်းမာရေးကော်မတီဝင်များ၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်ရှိ ခရိုင်ကျန်းမာရေးဦးစီးဌာနနှင့်ခရိုင်အခြေခံပညာဦးစီးဌာနများမှ ကျောင်းကျန်းမာရေးတာဝန်ခံများမှ ရှေ့လုပ်ငန်းစဉ်များနှင့် လိုအပ်ချက်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြပါသည်။

 

More Tags