ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်မှု ကျွမ်းကျင်မှုဆိုင်ရာ (၁) လ သင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ (၁၈-၁၂-၂၀၁၉)

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ကျင်းပဆောင်ရွက်သော ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးကွင်းဆင်း ဆောင်ရွက်မှု ကျွမ်းကျင်မှုဆိုင်ရာ (၁) လ သင်တန်း၏ သင်တန်းဆင်းပွဲအခမ်းအနားကို (၁၈-၁၂-၂၀၁၉) ရက်နေ့တွင် နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့ရှိ ကျန်းမာရေးဝန်ထမ်းသင်တန်းကျောင်း၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒေါက်တာသန္တာလွင် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။


 

     ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်က အမှာစကားပြောကြားရာတွင် "ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက Field Epidemiology Training သင်တန်းများအား ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် လမ်းညွှန်ပံ့ပိုးမှုများပေးခဲ့ပါကြောင်း၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းဆိုင်ရာ စွမ်းရည် မြှင့်တင်ခြင်း ကာလတို (၁) လသင်တန်း (Field Epidemiology Training) FETP သင်တန်း များကို ရောဂါစောင့်ကြပ်ကြည့်ရှုမှု (Surveillance)၊ ကွင်းဆင်းစုံစမ်းစစ်ဆေးမှု (Outbreak Investigation) နှင့် ထိရောက်သော တုံ့ပြန်မှု (Response)-FETP သင်တန်းများကို ရောဂါ စောင့်ကြပ်ကြည့်ရှုမှု (Surveillance) လုပ်ငန်းများဆောင်ရွက်ရန်နှင့် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ သတင်းအချက်အလက်များအား ပိုမိုထိရောက်စွာအသုံးပြုနိုင်ရန်အတွက် ကူးစက်ဗေဒဆိုင်ရာ ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းများမွေးထုတ်ရန် ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲအနေဖြင့် (၂၀၀၈) ခုနှစ်မှစတင်ပြီး Field Epidemiology Training Programme (FETP) (short course) သင်တန်းများနှင့် (၂၀၁၈) ခုနှစ်၊ ဇူလိုင်လတွင် FETP Intermediate 9 month Course သင်တန်းပထမအသုတ်အနေဖြင့် ဆရာဝန်သင်တန်းသား (၁၅)ဦးတို့အား အသီးသီးသင်တန်း ပေးခဲ့ပြီးဖြစ်ပါကြောင်း၊


 

      မိမိ၏ ရောဂါနှိမ်နင်းရေးဌာနအောက်တွင်လည်း ကူးစက်ရောဂါနှင့် သက်ဆိုင်သည့် Vertical Program များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အနေဖြင့် Field Epidemiology Training (FETP) သင်တန်းကို တက်ရောက်သင့်ကြောင်း၊ ယခု FETP ကာလတို (၁) လ သင်တန်းအား (၁၉-၁၁-၂၀၁၉)ရက်နေ့မှ (၁၉-၁၂-၂၀၁၉) ရက် နေ့အထိ လယ်ဝေးမြို့၊ ကျန်းမာရေးသင်တန်းကျောင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ စုစုပေါင်းသင်တန်းသား(၂၂) ဦး ခေါ်ယူ၍ လက်တွေ့ဆောင်ရွက်ရမည့် နယ်ပယ်အသီးသီးမှာ လုပ်ငန်းစွမ်းရည်များ ပိုမိုတိုးတက်လာစေရန် စာတွေ့ (၅၀%) အပြင် ကွင်းဆင်းဆောင်ရွက်မှု (၅၀%) တို့ ပေါင်းစပ်ပြီး သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီး လုပ်ငန်းခွင်၌ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် One Health Approach ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် US CDC, WHO, Public Health England တို့မှ Technical support ပေးလျက်ရှိကြောင်း၊ အဆိုပါ အားသာချက်ကိုအသုံးပြု၍ မိမိတို့သင်တန်း၏ သင်ကြာရေးစွမ်းရည်ကိုလည်း ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊

      ကွင်းဆင်းဆောင်ရွက်ခြင်းအပိုင်းကိုလည်း (၁-၁၂-၂၀၁၉)ရက်နေ့မှ (၁၄-၁၂-၂၀၁၉) ရက်နေ့ အထိ အုပ်စုနှစ်ခုခွဲ၍ လယ်ဝေးသင်တန်းကျောင်းနှင့် ဆင်ရွာကြီးလေ့ကျင့်ရေးကျောင်းတို့၌ ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းဆိုင်ရာ လုပ်ငန်းနှစ်ခုဖြစ်သည့် Surveillance Data collection on Vaccine Preventable Diseases နှင့် Surveillance system evaluation for fever with rash စသည့်ခေါင်းစဉ်များနှင့် ကွင်းဆင်းအစီရင်ခံစာနှစ်ခုကိုလည်း ရေးသားပြုစုနိုင်ခဲ့ကြကြောင်း၊ ဒါ့အပြင် Field Trip သွားရခြင်းအတွက် အတွေ့အကြုံ သစ်များရရှိသည့်အပြင် အချင်းချင်း စည်းလုံးညီညွတ်စွာ နေထိုင်ပြုမူတတ်ခြင်း၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း အလေ့အထကိုလည်း ပိုမိုအားကောင်းလာစေမှာဖြစ်ပြီး Outbreak Response အတွက် Team work အရေးကြီးကြောင်းကို လေ့လာသင်ယူရရှိမည် ဖြစ်ကြောင်း၊ ထို့အပြင် သင်တန်းသားများအနေဖြင့် ငှက်ဖျားရောဂါတိုက်ဖျက်ရေး ဆောင်ရွက်သည့် ငှက်ဖျားဝန်ထမ်းများ၏ ရဲဘော်ရဲဘက်စိတ်ဓါတ်ထားရှိမှု၊ Team work နှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အတုယူစေလိုကြောင်း၊


 

     ကွင်းဆင်းလေ့ကျင့်ခန်းများ ဆောင်ရွက်ရာတွင်လည်း Mentor များ၊ Supervisor များ၊ Facilitator များအဖြစ် ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည့် မန္တလေးတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ပါဝင်ဆောင်ရွက်သူ များအားလုံး၊ သင်ကြားပို့ချပေးသည့် သင်တန်းဆရာအားလုံးနှင့် သင်တန်း (၁) လပြီးဆုံး သည်အထိ တက်ရောက်နိုင်ခဲ့ကြသည့် သင်တန်းသားများအားလုံးကို ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း၊ မိမိတို့နေရာဌာနမှာ ကူးစက်ရောဂါများ၊ သဘာဝဘေးအန္တရာယ်များ၊ ပြည်သူ့ ကျန်းမာရေးအရေးပေါ် အခြေအနေ စသည်တို့တွင် တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ Rapid Response Team များအနေဖြင့် ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် Disaster prone နိုင်ငံဖြစ်သည့်အတွက် Disaster နှင့်ပတ်သက်၍ Public Health Education များများပေးရမည်ဖြစ်ကြောင်း၊ နိဂုံးချုပ်အနေဖြင့် ယခုသင်တန်းကြီးတွင် သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်များကို လက်တွေ့နယ်ပယ်၌ ကောင်းမွန်စွာ အသုံးချနိုင်ရန်နှင့် မိမိဌာနသို့ ပြန်ရောက်ရှိပါက Knowledge sharing ပြန်လုပ်ဆောင်ခြင်းတို့သည် အဓိကဖြစ်ပါကြောင်း" ပြောကြားခဲ့ပါသည်။

     ၎င်းနောက် သင်တန်းသားတစ်ဦးချင်းအား သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ပြီး သင်တန်းသားထူးချွန်ဆု ပထမအနေဖြင့် မိုးညိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပဲခူး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး၊ ဦးဇော်မင်းထွဋ်၊ သင်တန်းသားထူးချွန်ဆု ဒုတိယအနေဖြင့် ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး၊ ဦးကျော်မျိုးခိုင်၊ သင်တန်းသားထူးချွန်ဆု တတိယအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁)၊ ဦးဇေယျာမျိုးနှင့် သင်တန်းသား အထူးဆု (၃) ဆုတို့အား အသီးသီးရွေးချယ်ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

     အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာထွန်းတင်၊ ဒုတိယညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာခင်ခင်ကြီး၊ ဒုတိယညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာတိုးသီရိအောင်၊ ဒုတိယညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာဉာဏ်ဝင်းမြင့်၊ ဒုတိယညွှန်ကြားရေးမှူး (ကူးစက်) ဒေါက်တာခင်စန္ဒာအောင်၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာမျိုးစုကြည်၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/ သူ (၂၅) ဦး တက်ရောက်ခဲ့ပါသည်။

More Tags