ကျိုင်းတုံမြို့တွင် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသ ကျန်းမာရေးပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျိုင်းတုံမြို့၊ (၂၀၁၉) ခုနှစ်၊ ဩဂုတ်လ (၈) ရက်

     မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသ ကျန်းမာရေးပူးပေါင်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို (၈-၈-၂၀၁၉) ရက်နေ့တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ Amazing Kyaing Tong Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဒေသနှင့် ချင်းရိုင်ဒေသတို့မှ ပြည်သူ့ကျန်းမာရေးဆရာဝန်များ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျိုင်းတုံဆေးရုံကြီးနှင့် တာချီလိတ် ဆေးရုံကြီးတို့မှ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၇၈) ဦးတက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေးတွင် Chiang Rai Province Public Health Office မှ Director Dr. Thosatep Boontong က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က နှုတ်ခွန်းဆက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ တာဝန်ရှိသူများက မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဒေသတွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု မူဝါဒများ၊ မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသ၌ ပြည်သူ့ကျန်းမာရေးလုပ်ငန်းနှင့် ပတ်သက်၍ နည်းဗျူဟာများ၊ မယ်ဆိုင်ဒေသနှင့် တာချီလိတ်ဒေသတို့၏ နယ်စပ်များ၌ လုပ်ဆောင်နေသည့် ကျန်းမာရေးလုပ်ငန်းများ၊ TB/HIV/Malaria/Dengue ရောဂါဖြစ်ပွားမှုအခြေအနေနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များအား ဆွေးနွေးတင်ပြခဲ့ပါသည်။

 

 

     အစည်းအဝေးတွင် နှစ်နိုင်ငံကျန်းမာရေးပူးပေါင်းဆောင်ရွက်မှုတွင် ထိရောက်သော လူနာညွှန်းပို့မှုစနစ် ဖြစ်လာစေရန် လက်ရှိဆောင်ရွက်လျက်ရှိသော လူနာညွှန်းပို့မှုစနစ်ကို ပြန်လည်စိစစ်သုံးသပ်ရန်၊ ပိုမိုလွယ်ကူစွာ သတင်းအချက်အလက်များမျှဝေနိုင်ရန်အတွက် Web Page တခု တည်ဆောက်၍ လူနာညွှန်းပို့မှုနှင့်ပြန်လည်သတင်းပေးပို့မှုများဆောင်ရွက်ရန်၊ ထိုသို့ Web Page မတည်ဆောက်နိုင်မီ ကာလအတွင်း နှစ်နိုင်ငံညွှန်းပို့မှုစနစ် အောင်မြင်စွာဆောင်ရွက်နေသော ရနောင်းနှင့် ကော့သောင် ဒေသ၏ Messenger Closed Group တည်ဆောက်ကာ ဆောင်ရွက်လျှက်ရှိသည့် ညွှန်းပို့မှုစနစ်နမူနာကို အသုံးပြု၍ စတင်ဆောင်ရွက်ရန်နှင့် သတင်းအချက်အလက်အရည်အသွေးပြည့်မီရန်နှင့် လုံခြုံမှုရှိစေရန် သက်ဆိုင် ရာဝန်ကြီးဌာနများမှ ခွင့်ပြုချက်နှင့် လမ်းညွှန်မှုတောင်းခံရန် စသည့်အချက်များကို နှစ်နိုင်ငံတာဝန်ရှိသူများက ဆွေးနွေးအကြံပြုခဲ့ကြပါသည်။

More Tags