ကျိုင်းတုံမြို့တွင် ပြည်နယ်အဆင့် ကျန်းမာရေးစီမံကိန်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံမြို့၊ (၂၀၁၉) ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ Amazing Kyaing Tong Resort တွင် (၂၀၁၉) ခုနှစ် ဒီဇင်ဘာ (၃) ရက် နှင့် (၄) ရက်နေ့များတွင် ပြည်နယ်အဆင့် ကျန်းမာရေးစီမံကိန်းရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့် ကျော်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး အကောင်အထည်ဖော်ခြင်းဆိုင်ရာစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့ ( National Health Plan Implementation Monitoring Unit) အကြံပေး ဒေါက်တာသန်းဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း)တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။

 

     အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ဒေါက်တာ ရဲမင်းထွေး၊ ဒုတိယညွှန်ကြားရေးမှူး၊ အမျိုးသားကျန်းမာရေးအကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ် ကြည့်ရှုရေးအဖွဲ့ ( National Health Plan Implementation Monitoring Unit) ဉီးဆောင်သော အဖွဲ့ဝင်များ၊ Access to Health Fund မှ တာဝန်ရှိသူများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းနှင့်ပြည်ပ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ခရိုင်/မြို့နယ်များမှ ခရိုင်/မြို့နယ်ပြည်သူ့ ကျန်းမာရေးဉီးစီး ဌာနမှူးများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ တက်ရောက်ကြသည်။ ဆွေးနွေးပွဲ တွင် ပြည်နယ်အတွင်း လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးရေးစနစ် ထူထောင်ရေးအတွက် ကျန်းမာရေးအခြေခံ အဆောက်အဦ၊ လူ့စွမ်းအားအရင်းအမြစ်၊ လုပ်ငန်းဆောင်ရွက်မှု၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော လက်ရှိအခြေအနေများကို ဆန်းစစ်ခဲ့ကြပြီး ပြည်နယ်အဆင့် ကျန်းမာရေးစီမံကိန်းရေးဆွဲရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းရပ်များကို ချမှတ်ခဲ့ကြကြောင်း သတင်းရရှိသည်။

More Tags