ကျိုင်းတုံမြို့တွင် CDSR Review Meeting ကျင်းပပြုလုပ်

ကျိုင်းတုံမြို့၊ (၂၀၁၉) ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကလေးသေဆုံးမှု စောင့်ကြပ်ကြည့်ရှုရေး၊ တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ ပြန်လည်ဆန်းစစ်ခြင်း နှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၉ နာရီတွင် CDSR Review Meeting ကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်မှ ကလေးကျန်းမာရေးနှင့် ရှင်သန်ရေးအတွက် ပိုမိုပြည့်စုံ မှန်ကန်သော သတင်းအချက်အလက် စနစ်ဖြစ်ပေါ်ရေး၊ ကလေးသေဆုံးမှု ဆန်းစစ်ခြင်းမှ အကြောင်းရင်းများဖော်ထုတ်ကာ သင့်လျော်သော တုန့်ပြန်ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ပြီး စဉ်ဆက်မပြတ်စောင့်ကြပ် လေ့လာခြင်းဖြင့် ကလေးသေဆုံးမှုနှုန်း လျော့ချရေးကို ထိရောက်စွာအကျိုးပြုရန်၊ ကလေးသေဆုံးရခြင်း အကြောင်းရင်းနှင့် ဆက်စပ်အကြောင်းတရားများကို စုစည်းကာ ရှောင်လွဲနိုင်သော (သို့) ကာကွယ်နိုင်သော အကြောင်းတရားများဖော်ထုတ်၍ ကလေးသေဆုံးမှု လျော့ချရေးတုန့်ပြန်ဆောင်ရွက်မှုများ အတွက် ထိရောက်သောစောင့်ကြပ် လေ့လာရေးစနစ် ပေါ်ထွန်းလာစေရန် တို့ကို ပြောကြားခဲ့ပါသည်။ ထို့နောက် (ကလေးကျန်းမာ) အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာစိုးမင်းထွန်းမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ မှ ဇွန်လအထိ ပထမနှစ်ဝက် ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ကလေးသေဆုံးမှုနှင့်ပတ်သက်၍ အချက်အလက်များကို တင်ပြဆွေးနွေးခဲ့ပါသည်။

 

     အဖြစ်များသော ကလေးသေဆုံးမှုများကို ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန် ဒေါက်တာအိအိကို မှ ရှောင်လွဲနိုင်သော (သို့) ကာကွယ်နိုင်သော အကြောင်းတရားများ၊ ကာကွယ်ဆေးထိုးနှံမှု နှင့်ပတ်သက်သော အကြောင်းအရာများ၊ နှောင့်နှေးခြင်းနှင့်ပတ်သက်သောအကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်‌ရောက်လာကြသော သက်ဆိုင်ရာခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများမှ အသီးသီး ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကို သတ်မှတ်ခဲ့ကြပါသည်။ ယင်းနေ့တွင် ကျင်းပပြုလုပ်သော CDSR Review Meeting ကို (၃၄) ဦး တက်‌ရောက်ခဲ့ပြီး ညနေ ၄ နာရီ၌ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

 
 

More Tags