မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျောက်ကပ်သန့်စင်ခြင်း လုပ်ငန်းဌာန (Hemodialysis Center) ဖွင့်ပွဲအခမ်းအနားကျင်းပ

မြစ်ကြီးနား၊ နိုဝင်ဘာ (၄)ရက်

     ယနေ့ ( ၄.၁၁.၂၀၁၈ ) ရက်နေ့ နံနက် ( ၈:၀၀ ) နာရီအချိန်တွင် ကချင်ပြည်နယ်၊ ပြည်သူ့ဆေးရုံကြီး ၊ မြစ်ကြီးနားမြို့၌ ကျောက်ကပ်သန့်စင်ခြင်း လုပ်ငန်းဌာန (Hemodialysis Center ) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ကချင်ပြည်နယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှနှင့် Myanmar Kindness Group ၏ နာယက ဒေါက်တာ ဆိုင်းလီတို့မှ ဖဲကြိုးဖြတ်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။ ကချင်ပြည်နယ်၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် ဇနီး ဒေါက်တာ ဂျေကော့ဘူတို့မှ ကမ္မည်းဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး ကမ္မည်းစာအား အမွှေးနံ့သာများဖြင့် ဖျန်းပက်ခဲ့ကြပါသည်။

 

     ဆက်လက်၍ အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအား ကချင်ပြည်နယ်၊ ပြည်သူ့ဆေးရုံကြီး ၊ မြစ်ကြီးနားမြို့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ကချင်ပြည်နယ်၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှ တို့မှ အမှာစကားများ ပြောကြားခဲ့ပါသည်။ Myanmar Kindness Group ၏နာယက ဒေါက်တာ ဆိုင်းလီမှ လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ပြီးနောက် Myanmar Kindness Group မှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနသို့ လှူဒါန်းပစ္စည်းများနှင့် ပတ်သက်သော စာရွက်စာတမ်းများ လွှဲပြောင်းပေးခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ Myanmar Kindness Group သို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကချင်ပြည်နယ်၊ ပြည်သူ့ဆေးရုံကြီး ၊ မြစ်ကြီးနားမြို့ ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြုအလံများ လက်ရောက်ပေးအပ်ခဲ့ပြီး ကချင်ပြည်နယ် ကုသရေး / ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

  

 

More Tags