COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကို ယခုထက်ပိုမိုပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန် Comprehensive Health Sector Contingency Plan for COVID-19 ရေးဆွဲဆောင်ရွက်

နေပြည်တော်၊ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၄ ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သော Coronavirus Disease 2019 (COVID-19) လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကို ယခုထက်ပိုမိုပြီး ထိရောက်စွာ စောင့်ကြပ်ကြည့်ရှုနိုင်ရန်၊ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ဌာနဆိုင်ရာများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် စနစ်တကျ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ Comprehensive Health Sector Contingency Plan for COVID-19 ရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၊ အစည်းအဝေးခန်းမတွင် (၂၂-၂-၂၀၂၀) ရက်နေ့မှ (၂၃-၂-၂၀၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါညှိနှိုင်းအစည်းအဝေးသို့ Comprehensive Health Sector Contingency Plan for COVID-19 ရေးဆွဲနိုင်ရေး လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး အဆိုပါလုပ်ငန်းအဖွဲ့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ သက်ဆိုင်ရာဌာနခွဲအလိုက် လက်ထောက်အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ ပါမောက္ခ/ဌာနမှူးနှင့် အထူးကုဆရာဝန်ကြီးများ၊ ပြည်တွင်း/ပြည်ပ နှီးနွှယ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။


 

     Comprehensive Health Sector Contingency Plan for COVID-19 ရေးဆွဲနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ COVID-19 ဆိုင်ရာ လမ်းညွှန်ချက်များ၊ နိုင်ငံတကာ COVID-19 Contingency Plan များနှင့် ဝန်ကြီးဌာန၏ ယခင်ရေးဆွဲခဲ့သော ကူးစက်ရောဂါဆိုင်ရာ စောင့်ကြပ်ကြည့်ရှု၊ ကာကွယ်ထိန်းချုပ်ရေး စီမံချက်များကို ကိုးကားဆွေးနွေးခဲ့ကြပြီး ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့်အလိုက် ဆောင်ရွက်ရမည့် COVID-19 စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များကို ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

     လုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်း၍ အချက်အလက်များ ကောက်ယူခြင်း၊ အကြံပြုခြင်း၊ အသိပေးဆွေးနွေးခြင်းနှင့် လက်တွေ့မြေပြင်အခြေအနေများကို လေ့လာသုံးသပ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

More Tags