NOW LOADING

တောင်ကြီးမြို့တွင် မျိုးဆက်ပွားကျန်းမာရေး ဆေးနှင့်ဆေးပစ္စည်း ထောက်ပံ့ဖြန့်ဖြူးရေးစနစ်အတွက် (၈) ကြိမ်မြောက် ပြည်နယ်အဆင့် အရည်အသွေးမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

တောင်ကြီးမြို့၊ ဇူလိုင်လ (၁၁) ရက်

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲ၊ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ UNFPA နှင့် JSI တို့ ပူးပေါင်း၍ မျိုးဆက်ပွားကျန်းမာရေး ဆေးနှင့်ဆေးပစ္စည်း ထောက်ပံ့ဖြန့်ဖြူးရေးစနစ်အတွက် (၈) ကြိမ်မြောက် ပြည်နယ်အဆင့် အရည်အသွေးမြှင့်တင်ရေးအဖွဲ့ အစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးကို ပြည်နယ်အတွင်း မျိုးဆက်ပွားဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပိုလျှံ၊ ပြတ်လပ်မှုမရှိဘဲ ကောင်းမွန်လုံလောက်စွာ ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေမင်းသိမ့်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလေးစန္ဒာ၊ မြို့နယ် ၂၁ မြို့နယ် မှ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် တာဝန်ခံများ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်ဆရာဝန်များနှင့် JSI မှ တာဝန်ရှိသူများ စုစုပေါင်း ၅၈ ဦး တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေးတွင် ပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်မှ အဖွင့်အမှာစကား ပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေမင်းသိမ့်က ပြည်နယ်အတွင်း RHC LS နှင့် QIT လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေးဌာနခွဲ အဖွဲ့ခေါင်းဆောင်ဆရာဝန် ဒေါက်တာသက်သက်ဝင်းမှ ကွင်းဆင်းကြီးကြပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး JSI အဖွဲ့မှ ယခင်အစည်းအဝေးဆုံးဖြတ်ချက်များပြီးစီးမှုအခြေအနေနှင့် လက်ရှိ RHC LS နှင့် QIT လုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပါသည်။

 

     ထို့နောက် ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ် (၂၁) မြို့နယ်မှ ၄င်းတို့၏ အတွေ့အကြုံများကို ဆက်လက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ ဆွေးနွေးချက်များနှင့် တွေ့ရှိချက်များအပေါ်တွင် ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပါသည်။ ထို့ပြင် ရှေ့ဆက်မည့်လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးမှ စာရင်းများတိကျမှန်ကန်မှုရှိစေရန်၊ ဆေးအမျိုးအမည်များကို ထပ်မံတိုးချဲ့ပြီး ပိုမိုထိရောက်စေရန်နှင့် စနစ်ကို ကောင်းမွန်ထိရောက်စွာ အသုံးချနိုင်စေရေး ကြိုးပမ်းဆောင်ရွက် ကြရန် မှာကြားခဲ့ပြီး (၉) ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလတွင် ကျင်းပရန် လျာထား၍ အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

    အဆိုပါမျိုးဆက်ပွားဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်း ဖြန့်ဖြူးရေးစနစ်အတွက် အရည်အသွေးမြှင့်တင်ရေး အစည်းအဝေးကို ပုံမှန်ကျင်းပခြင်းဖြင့် မျိုးဆက်ပွားဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းများ၏ ပိုလျှံပြတ်လပ်မှု အခြေအနေများကို သိရှိဆွေးနွေးနိုင်ပြီး လိုအပ်သလို ရွှေ့ပြောင်းသုံးစွဲခြင်းနှင့် ပြန်လည်ဖြည့်တင်းခြင်းများ ပြုလုပ်နိုင်သဖြင့် ဆေးပစ္စည်းများ ပြည့်စုံဖူလုံစေရန် အထောက်အကူဖြစ်စေပါသည်။

More Tags