တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော Novel Coronavirus ရောဂါပိုးကြောင့် ဖြစ်ပွားသည့် Viral Pneumonia ရောဂါနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်

     တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် Novel Coronavirus ရောဂါပိုးကြောင့် Viral Pneumonia ရောဂါဖြစ်ပွားလျက်ရှိပြီး (၅-၁-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သော ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ Event Information Site for IHR National Focal Points ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Hubei Province Wuhan City တွင် ရောဂါအတည်ပြုလူနာ (၄၁) ဦးရှိပြီး ပြင်းထန်လူနာ (၇) ဦးရှိ ကြောင်း၊ အသက် (၆၁) နှစ်အရွယ် အမျိုးသား (၁) ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါရှိပါသည်။ (၁၄-၁-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ၌ ဝူဟန်မြို့မှ လာရောက်သော အသက် (၆၁)နှစ်အရွယ် အမျိုးသမီး (၁) ဦးတွင် ရောဂါဖြစ်ပွားခြင်းအား အတည်ပြုကြောင်း ထပ်မံဖော်ပြပါရှိပါသည်။


 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲအနေဖြင့် ရောဂါဖြစ်ပွားမှုသတင်း စတင်ရရှိလျှင်ရရှိချင်း (၅-၁-၂၀၂၀) ရက်နေ့ မှစ၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ထိန်းချုပ်ခြင်းလုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင်ရန် Standard Operating Procedure (SOP) များ ရေးဆွဲခြင်း၊ ကုသရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လူနာများအား သီးသန့်ထားရှိကုသခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် ဆေးရုံများ သတ်မှတ်စီစဉ်ခြင်း၊ လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ စီစဉ်ဆောင်ရွက်ခြင်း၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်မြို့) နှင့် ညှိနှိုင်း၍ ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများ အဆင်ပြေစေရန် စီစဉ်ဆောင်ရွက် ခြင်း၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲနှင့် ပူးပေါင်း၍ ပြည်သူလူထုအတွက် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ တရားဝင် Website (www.mohs.gov.mm) နှင့် Myanmar CDC Facebook Page (fb.me/MyanmarCDC) တို့တွင် ဖော်ပြထားရှိခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဒေသများတွင် အဖျားရောဂါနှင့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ စောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်များဖြစ်သော နိုင်ငံတကာလေဆိပ်များနှင့် ဆိပ်ကမ်းတို့တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။


 

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒေါက်တာ သန္တာလွင်၊ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး၊ ဒေါက်တာ သန်းသန်းမြင့်တို့ ဦးဆောင်သောအဖွဲ့သည် (၆-၁-၂၀၂၀) ရက်နေ့တွင်လည်းကောင်း၊ ပြည်သူ့ ကျန်မာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ကူးစက်နှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်)၊ ဒေါက်တာထွန်းတင်နှင့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် (၈-၁-၂၀၂၀) ရက်နေ့နှင့် (၉-၁-၂၀၂၀) ရက်နေ့များတွင် လည်းကောင်း၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်၊ MC-Jalux Airport Services Co., Ltd (MJAS) မှ President Mr Tashio Takahashi အပါအဝင် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လေဆိပ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထပ်မံပေးပို့သည့် Infer-red Fever Screening System (IFSS) စက်အသစ်တစ်လုံးအား တပ်ဆင်ခြင်းနှင့် လက်ရှိအသုံးပြုနေသော စက်အား စစ်ဆေးခြင်း၊ International Arrival ခန်းမတွင် Quarantine Desk နေရာ သတ်မှတ်ဆောင်ရွက်ခြင်း၊ သံသယလူနာတွေ့ရှိပါက လူနာစမ်းသပ်စစ်ဆေးခြင်းအား စနစ်တကျဆောင်ရွက်နိုင်ရန် Temporary Isolation Room ပြင်ဆင်ထားရှိခြင်း၊ Quarantine Office အတွက် လိုအပ်ချက်များ ဖြည့်ဆည်းခြင်း၊ ဆိုက်ရောက်ခရီးသည်များအတွက် Health Advisory for Traveller အသိပေးစာများကို လေဆိပ်ရှိ LED board တွင် ဖော်ပြနိုင်ရန် စီစဉ်ခြင်း၊ လူနာလွှဲပြောင်းမှုစနစ်ကို လေဆိပ်နှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်မည့် SOP နှင့်အစီအစဉ်များကို လေဆိပ်တာဝန်ကျ ဝန်ထမ်းအားလုံးအား အသိပေးခြင်းနှင့် ဆွေးနွေးခြင်း (Advocacy) ပြုလုပ်ရန်စီစဉ်ခြင်း၊ လေကြောင်းလိုင်းမှ ခရီးသည်စာရင်း Manifest ကို ကျန်းမာရေးဌာနသို့ မိတ္တူပေးရန် ညှိနှိုင်းခြင်း၊ ဝန်ထမ်းအင်အား ဖြည့်ဆည်းပေးရန် စီစဉ်ခြင်း၊ လွှဲပြောင်းသံသယလူနာ လက်ခံကုသနိုင်ရန် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးအား သတ်မှတ် ပြင်ဆင်ခြင်းနှင့် ပုံမှန်သတင်းပေးပို့ခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။


 

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒေါက်တာသန္တာလွင်နှင့် ညွှန်ကြားရေးမှူး (ကူးစက်နှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်)၊ ဒေါက်တာထွန်းတင်တို့ ဦးဆောင်သောအဖွဲ့သည် (၁၁-၁-၂၀၂၀) ရက်နေ့နှင့် (၁၂-၁-၂၀၂၀) ရက်နေ့များတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်းဌာနများသို့ သွားရောက်၍ လက်ရှိဆောင်ရွက်နေသော ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများအား ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရန်စီစဉ်ခြင်း၊ လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများ ပံ့ပိုးခြင်း၊ အဖျားရောဂါလက္ခဏာရှိသူ လူနာများ တွေ့ရှိပါက လက်ရှိ Temporary Isolation Room အပြင် အရေးပေါ်နေရာ (Temporary Isolation Area) သတ်မှတ်ရန်နှင့် လေဆိပ်တာဝန်ရှိသူများကို အသိပေးရန်၊ လေဆိပ်တွင် တာဝန် ထမ်းဆောင်နေသူများအား SOP ချပြဆွေးနွေးခြင်းနှင့် အသိပေးခြင်း (Advocacy) ဆောင်ရွက်ရန် စီစဉ်ခြင်းနှင့် ဆိပ်ကမ်းတွင် အပျော်စီးခရီးသည်တင်သင်္ဘောများ ရောက်ရှိပါက ဆောင်ရွက်မည့် လုပ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်အသိပေးရန်တို့ကို စီစဉ်ဆောင်ရွက်ခဲ့ပါသည်။

     ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (ကူးစက်နှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်)၊ ဒေါက်တာထွန်းတင်နှင့် ဒုတိယညွှန်ကြားရေးမှူး (ကူးစက်) တို့သည် (၁၄-၁-၂၀၂၀) ရက်နေ့တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အဆင်ပြေချောမွေ့စေရေးနှင့် လူနာလွှဲပြောင်းကုသမှုလုပ်ငန်းများကို တွေ့ဆုံဆွေးနွေးခဲ့ပြီး (၁၅-၁-၂၀၂၀) ရက်နေ့တွင် နေပြည်တော် ခုတင် (၁၀၀၀) အထွေထွေရောဂါကုဆေးရုံကြီးတွင် သံသယလူနာများတွေ့ရှိပါက သီးခြားထားရှိကုသခြင်း၊ ရောဂါစစ်ဆေးခြင်းနှင့် လူနာလွှဲပြောင်းမှုစနစ်တို့နှင့်ပတ်သက်၍ ဆေးရုံအုပ်ကြီး၊ သမားတော်ကြီးများ၊ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့တို့နှင့် ဆွေးနွေးခဲ့ပါသည်။


 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော Viral Pneumonia ရောဂါနှင့်ပတ်သက်၍ ပြည်သူများအကြား သတင်းအမှန် ရရှိပြီး စိုးရိမ်မှုလျော့ကျစေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ တရားဝင် Website (www.mohs.gov.mm) နှင့် Myanmar CDC Facebook Page (fb.me/MyanmarCDC) တို့တွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 
 
 

More Tags