တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ဓါတ်ခွဲအတည်ပြုနိုင်ခြင်းမရှိသေးသော Viral Pneumonia ရောဂါတစ်မျိုးဖြစ်ပွားနေခြင်းနှင့် စပ်လျဉ်း၍ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

မန္တလေးမြို့၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်

     တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ဓါတ်ခွဲအတည်ပြုနိုင်ခြင်းမရှိသေးသော Viral Pneumonia ရောဂါတစ်မျိုးဖြစ်ပွားနေမှုအပေါ် ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ (၈-၁-၂၀၂၀) နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်နှင့်အတူ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ အထူးကုသမားတော်ကြီးများနှင့် တိုင်းဒေသကြီးမှ ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး (ရောဂါနှိမ်နင်းရေး) ဉီးဆောင်သော တိုင်းကူးစက်ရောဂါ တိုက်ဖျက်ရေးအဖွဲ့တို့ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 

     မန္တလေးတိုင်းဒေသကြီးအနေဖြင့် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့၌ လက်ရှိဖြစ်ပွားနေသော Viral Pneumonia ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာသူများအား အဖျားရောဂါနှင့် တုပ်ကွေးဆန်သော ရောဂါလက္ခဏာများ စောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်း၊ Pneumonia Surveillance အတွက် သံသယလူနာတွေ့ရှိပါက တုံ့ပြန်ဆောင်ရွက်မည့် Standard Operating Procedure (SOP) များကို အသေးစိတ်ဆွေးနွေးညှိနှိုင်းခြင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ဗဟိုအဆင့်ဆေးရုံကြီးများနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ သံသယလူနာတွေ့ရှိခဲ့ပါက လေဆိပ်မှဆေးရုံကြီးများသို့ လွယ်ကူချောမွေ့စွာ အချိန်မီပိုဆောင်နိုင်ရန် လိုအပ်သောပစ္စည်းများ ဝန်ထမ်းအင်အားများ အဆင်သင့် ထားရှိပြီးစီးမှုများနှင့် သီးခြားလူနာခန်းများပြင်ဆင် ထားရှိရန်ဆောင်ရွက်ခြင်း။

     သံသယလူနာတွေ့ရှိပါက ဓါတ်ခွဲစစ်ဆေးခြင်းနှင့် Lab Facilities များကို အဆင်ပြေစွာဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်ခြင်း၊ လေဆိပ်သို့ဆိုက်ရောက်လာမည့် ခရီးသည်များအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် Health Advisory For Traveler ကို မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် Arrived Hall ရှိ LED Board များတွင် မြန်မာ၊ အင်္ဂလိပ်ဘာသာများဖြင့် ပြသရန်စီစဉ်ထားခြင်း၊ Hand Washing နှင့်ပတ်သက်၍ ဗီနိုင်းဘုတ်များအား လေဆိပ်များတွင် စီစဉ်ထားရှိခြင်း၊ ရောဂါရှာဖွေကုသသည့်လုပ်ငန်းများတွင် လိုအပ်သော PPE များ၊ Surgical mask များ၊ VTM များနှင့် Bleaching Powder များကို လုံလောက်စွာထားရှိရန်နှင့် လိုအပ်ပါကအဆင်သင့်ထောက်ပံ့ပေးနိုင်ရန် စီစဉ်ခြင်းစသည့် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ကြိုတင်ပြင်ဆင်ထားရှိမှုများနှင့် လိုအပ်သည်များကို ဆွေးနွေးခဲ့ကြပါသည်။

More Tags