NOW LOADING

စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာနတွင် Mandatory TB Case Notification (Pilot Township) Review Meeting ကျင်းပ

မုံရွာမြို့၊ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၁၅) ရက်

     စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အထောက်အပံ့ဖြင့် Mandatory TB Case Notification (Pilot Township) Review Meeting ကို ၂၀၁၉ ခုနှစ် ဇူလိုင်လ (၁၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းကို Pilot Townships များအဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ အင်းစိန်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် များတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှ စတင်၍ ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ အဆိုပါ Mandatory TB Case Notification (Pilot Township) Review Meeting ကို တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ မုံရွာခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ PSI အဖွဲ့၊ မုံရွာမြို့ပေါ်ရှိ ပုဂ္ဂလိကဆေးရုံများမှ တာဝန်ရှိသူများ၊ ပြင်ပပုဂ္ဂလိကဆေးခန်းများမှ ဆရာဝန်ကြီးများ စုစုပေါင်း (၄၀) ကျော် တက်ရောက်ခဲ့ကြပါသည်။

 

     အစည်းအဝေးကို စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူး၊ ဒေါက်တာ ဝင်းလွင်မှ အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးတီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(တီဘီ/အနာကြီး) ဒေါက်တာမြတ်ကျော်သူမှ စစ်ကိုင်းတိုင်းဒေသကြီး၏ တီဘီရောဂါဖြစ်ပွားမှုအခြေအနေ၊ ရောဂါရှာဖွေကုသပေးနိုင်မှု၊ တီဘီရောဂါ တိုက်ဖျက်ရေးစီမံချက်၏ ရည်မှန်းချက်များနှင့် ပြည့်မီစေရန် ဆောင်ရွက်နေမှုအခြေအနေများ၊ Mandatory TB Case Notification ဆောင်ရွက်နေသော မုံရွာမြို့ရှိ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၏ တီဘီရောဂါရှာဖွေကုသပေးနိုင်မှုများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနသို့ ညွှန်းပို့ပေးနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။ ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ တီဘီရောဂါအထူးပြုအတိုင်ပင်ခံဆရာဝန်ကြီး ဒေါက်တာတင်မိမိခိုင်မှ တီဘီရောဂါရှာဖွေ ကုသမှုနှင့် ပတ်သက်၍ မဖြစ်မနေသတင်းပို့ရန် အတွက် အသုံးပြုလျက်ရှိသော အစီရင်ခံစာများ၊ မှတ်တမ်းများအကြောင်း ရှင်းလင်းခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၏ အတွေ့အကြုံများကို လေ့လာပြီး ကောင်းမွန်စွာဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြ ပါသည်။ ထို့နောက် တက်ရောက်လာကြသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှူးမှ တက်ရောက်လာကြသူများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ဝေထားသော တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းအပါအဝင် လုပ်ငန်း လမ်းညွှန်များကို Google Play Store မှတဆင့် MOHS Myanmar android application အသုံးပြု၍ download ဆွဲကာ လေ့လာနိုင်ကြောင်း အသိပေးဆွေးနွေးခဲ့ပါသည်။

 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတာဝန်ခံများ၊ ကျန်းမာရေးစောင့်ရှောက်ပေးသူများအား လူနာတဦးဦးတွင် သလိပ်စစ်ဆေးခြင်း၊ Gene Xpert စစ်ဆေးခြင်း သို့မဟုတ် တီဘီပိုးမွေးမြူခြင်းမှ တိဘီပိုးတွေ့ရှိခြင်း၊ ရင်ခေါင်း ဓာတ်မှန်တွင် တီဘီဟု ယူဆရသော အရိပ်တွေ့ရှိခြင်း၊ အဆုတ်မှအပ အခြားကိုယ်ခန္ဓာ အစိတ်အပိုင်းတွင် တီဘီရောဂါတွေ့ရှိခြင်းများရှိပါက ယင်းသို့တွေ့ရှိသည့်နေ့မှ ရက်သတ္တ တစ်ပတ်အတွင်း သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနသို့ သတင်းပို့ရမည် ဖြစ်ကြောင်း “တီဘီရောဂါရှာဖွေကုသမှုနှင့် ပတ်သက်၍ မဖြစ်မနေသတင်းပို့ရန်အတွက် ထုတ်ပြန်ကြေငြာ ခြင်း (Mandatory TB Case Notification)” ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၂၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

More Tags