(၈)ကြိမ်မြောက် အားကစားဆိုင်ရာ အာဆီယံ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် အခြားဆက်စပ်အစည်းအဝေးများ ကျင်းပ၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့်အတူ အာဆီယံနိုင်ငံများမှ အရာရှိကြီးများ တက်ရောက်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့

     မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံအားကစားဆိုင်ရာအဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကို ယနေ့နံနက်(၉)နာရီအချိန် တွင် နေပြည်တော်ရှိ Kempinski Hotel ၌ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် တက်ရောက်ပြီး အခမ်းအနားတွင် သဘာပတိအဖြစ်ဆောင်ရွက်ကာ မိန့်ခွန်းပြောကြားပါသည်။

 

     အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံအိုလံပစ်ကော်မတီအထွေထွေ အတွင်းရေးမှူး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးလှိုင်၊ အာဆီယံနိုင်ငံ များမှ အားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူ များ တက်ရောက်ကြပါသည်။

     ရှေးဦးစွာ အခမ်းအနားအစီအစဉ်အရ အခမ်းအနားတက်ရောက်ကြသူများအားလုံး အာဆီယံ အလံကို အလေးပြုကြပြီး အာဆီယံကိုယ်စားလှယ်ကြီးများမှ စုပေါင်းအမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။

 

     ထို့နောက် အခမ်းအနားသို့တက်ရောက်ကြသော အာဆီယံနိုင်ငံအဆင့်မြင့် ကိုယ်စားလှယ် အရာရှိကြီးများအား ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ အမှတ်တရလက်ဆောင်များကို ပေးအပ်ခဲ့ကြပါသည်။

     ဆက်လက်ပြီး ဒုတိယဝန်ကြီးမှ အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ကိုယ်စားလှယ် အရာရှိကြီးများ တက်ရောက်လာခြင်းသည် အာဆီယံဒေသတွင် အားကစားအဆင့်အတန်းနှင့် လှုပ်ရှားဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်စေရန် လူကြီးမင်းတို့၏ စိတ်ဝင်စားမှုကို ဖော်ပြနေပြီ ဖြစ်ပါကြောင်း၊ နောက်ခံသမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် အာဆီယံဒေသအတွင်း အားကစား ကဏ္ဍအား မြှင့်တင်ပြီး ပူးပေါင်းဆောင်ရွက်ရန်အတွက် ၂၀၁၀ခုနှစ် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပ သည့် (၁၆)ကြိမ်မြောက် အာဆီယံအစည်းအဝေးတွင် ပထမဆုံးအနေနှင့် အာဆီယံ အားကစား ကဏ္ဍ တည်ဆောက်ရေးကို အဆိုပြုခဲ့ပါကြောင်း၊ အာဆီယံဒေသအတွင်းရှိ နိုင်ငံသားများ ပိုမိုကျန်းမာ ကြံ့ခိုင်လာစေရန် အားကစားလှုပ်ရှားမှုများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် အာဆီယံ ခေါင်းဆောင်ကြီးများသည် ASEAN Ministerial Meeting On Sports (AMMS) အား ထောက်ပံ့ကူညီပေးရန် ကတိပြုခဲ့ပါကြောင်း၊ အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး တွင် ရည်ရွယ်ချက်၊ ပြဌာန်းချက်၊ လုပ်ငန်းတာဝန်များ၊ ကဏ္ဍအသီးသီးဖွံ့ဖြိုးတိုးတက်မှုများ၊ အသေးစိတ်ဖော်ပြချက်၊ ကြေငြာချက်များ၊ ဘဏ္ဍာရေးဆိုင်ရာ စီမံချက်၊အဆိုပြုချက်များ အကောင်အထည်ဖော်ခြင်းများ၊ ပြန်လည်သုံးသပ်ချက်များ ပါဝင်ပါကြောင်း၊ ၂၀၁၇ခုနှစ် နေပြည်တော်တွင် ကျင်းပပြုလုပ်သော AMMS-4 အစည်းအဝေးတွင် ပူးတွဲကြေငြာချက်(၁၀)ချက် ပါဝင်ခဲ့ပြီး ထိုကြေငြာချက်များတွင် အဓိကအားဖြင့် လူနေမှုဘဝ အခြေအနေတွင် ပိုမိုကျန်းမာစွာ နေထိုင်နိုင်ရေး၊ ရင်းနှီးချစ်ကြည်စွာ နေထိုင်နိုင်ရေး ၊ ဒေသတွင်း သာမက နိုင်ငံတကာအဆင့်နှင့်အညီ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး၊ အားကစားစိတ်ဓါတ် မြှင့်တင်စေနိုင်ရေးတို့အတွက် ဖြစ်ပါကြောင်း၊ ASEAN Physical Fitness Indicators (APFI) ၏ ဆောင်ရွက်ပုံဖော်မှုများသည် စွမ်းဆောင်ရည် မြှင့်တင်ပေးသည့် အစီအစဉ်များမှ တဆင့် အားကစားလုပ်ဆောင်နိုင်စွမ်း တိုးမြှင့်လာစေပါကြောင်း၊ ASEAN Sports Day အား နှစ်စဉ်ကျင်းပနေပါကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံများတွင် ရိုးရာအားကစားနည်းများ မပျောက်ကွယ်စေရေးနှင့် အားကစားကဏ္ဍတွင် အမျိုးသမီးလူငယ်များ ပိုမိုပါဝင်လာစေရန်အတွက် မြှင့်တင်ပေးနိုင်စေရေးတို့ဖြစ်ပါကြောင်း၊ အာဆီယံအနေဖြင့် ASEAN Chess Confederation၊ ASEAN Football Federation၊ ASEAN Para Sports Federation တို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး ၊ UNESCO နှင့် Right to Play ကဲ့သို့သော အခြားအာဆီယံ Partner များဖြင့်လည်း ပူးပေါင်းဆောင်ရွက်မှုများရှိပါကြောင်း၊ အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို အိမ်ရှင် အဖြစ်အောင်မြင်စွာ ကျင်းပနိုင်ရုံသာမက အာဆီယံဒေသတွင်း ဆုတံဆိပ်အများဆုံး ရရှိခဲ့သည့် အတွက် ဂုဏ်ယူဝမ်းမြောက်ခဲ့ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

 

     တက်ရောက်လာကြသော အာဆီယံ အဆင့်မြင့်အရာရှိကြီးများမှ အခမ်းအနားအစီအစဉ် အလိုက် အသီးသီးဆွေးနွေးကြရာ ထိုင်းနိုင်ငံမှ SMOS-7 ၌ တင်ပြဆွေးနွေးခဲ့သော ၂၀၃၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာအပါအဝင် အခြားနိုင်ငံများမှ ပူးပေါင်း၍ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် အဆိုပြုချက်များအား တင်ပြဆွေးနွေးခဲ့ ပါကြောင်း၊ မြန်မာနိုင်ငံမှ ဦးဆောင်၍ အာဆီယံဒေသတွင်းနိုင်ငံများမှ ရိုးရာအားကစားနည်းများ မပျောက်ကွယ်စေဘဲ နိုင်ငံအလိုက် ရိုးရာအားကစားနည်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ၏ အကူအညီကိုရယူ၍ အာဆီယံရိုးရာစွယ်စုံကျမ်းကဲ့သို့ ပြုစုဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ အာဆီယံဒေသတွင်းရှိ ပြည်သူများ Physical Fitness Indicators များ၊ အချက်အလက်များကို ရှာဖွေစုဆောင်းပြီး ထိုင်းနိုင်ငံမှ ဦးဆောင်၍ Fitness Test များကို ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများကို စမ်းသပ်ဆောင်ရွက်နိုင်ရေး နည်းများကို အတည်ပြုချက်ရယူရေးကိစ္စရပ်များ၊ အားကစားတွင် အမျိုးသမီးများ၊ လူငယ်လူရွယ်များ ပိုမိုပါဝင် နိုင်ရေးကိစ္စရပ်များ၊ TV Games (E Sports) များကို ဝိုင်းဝန်းဆွေးနွေးကြပြီး အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးမှ အာဆီယံမှဦးစီး၍ ၂၀၁၆မှ၂၀၂၀ တွင် အားကစားနှင့် ပတ်သက်၍ လုပ်ငန်း (၃၆)ချက်ကို ၇၁% ပြီးစီးအောင်လုပ်ဆောင်ခဲ့မှုများ၊ ဆက်လက် လုပ်ဆောင်ရမည့် လုပ်ငန်း(၁၃)ချက်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

     မြန်မာကိုယ်စားလှယ်အရာရှိကြီး တစ်ဦးမှ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်း တင်ပြခဲ့ပါသည်။

 

      အာဆီယံဒေသတွင်းအားကစားပြိုင်ပွဲဝင်များ တားမြစ်ဆေးသုံးစွဲမှုပပျောက်ရေး၊ ပညာပေး ဆိုင်ရာဆွေးနွေးမှု ကိစ္စရပ်များ၊ နိုင်ငံတကာမှ တားမြစ်ဆေးသုံးစွဲမှု တိုက်ဖျက်ရန် ရံပုံငွေသုံးစွဲမှု ဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါသည်။

     ညနေပိုင်းတွင် အာဆီယံအတွင်းရေးမှူးချုပ်မှ တာဝန်ရှိသူများ SOMS-7 အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို ဖတ်ကြားပြီး ယခုအစည်းအဝေး၏ ဆွေးနွေးချက်များကို ဆုံးဖြတ်အတည်ပြုရန် ကိစ္စရပ်များအား တက်ရောက်လာကြသော အာဆီယံဆိုင်ရာ ကိုယ်စားလှယ်အရာကြီးများမှ ဝိုင်းဝန်း ဆွေးနွေးအတည်ပြုဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကြပါသည်။

More Tags