(၆၆) ကြိမ်မြောက် မြန်မာနိုင်ငံ ဆရာဝန်အသင်းညီလာခံ ဖွင့်ပွဲအခမ်းအနား၊ နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးနှင့် အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Mminister Dr. Myint Htwe delivers the opening remarks at the opening ceremony of the 66th Myanmar Medical Conference and Inaugural Ceremony

နေပြည်တော်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီ (၁၈)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို)၊ ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည့် (၆၆) ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်အသင်းညီလာခံဖွင့်ပွဲအခမ်းအနား၊ နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးနှင့် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။


 

     ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအားအလေးပြုခြင်းနှင့် ဆရာဝန်များ၏ အဓိဌာန်ပြုကတိသစ္စာ ရွတ်ဆိုခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• မြန်မာနိုင်ငံဆရာဝန်အသင်းသည် စဉ်ဆက်မပြတ်ဆေးပညာသင်ကြားရေးလုပ်ငန်းများနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကိုဆောင်ရွက်ကာ မြန်မာနိုင်ငံဆေးပညာလောကကို အကျိုးပြုလျက်ရှိသည့် အဓိကအသင်းကြီးဖြစ်ပါကြောင်း၊

• အသင်းတွင် ဘာသာရပ်အဖွဲ့ (society) (၄၄)ဖွဲ့နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် အသင်းခွဲများရှိကာ အင်အား တောင့်တင်းပြီး လုပ်ငန်းများတက်ကြွစွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊

• ဘာသာရပ်အဖွဲ့ (society) များတွင် အတွေ့အကြုံမြင့်မားသည့် ဆေးပညာရှင်ကြီးများ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည့်အားလျှော်စွာ ၎င်းအဖွဲ့များ၏ တက်ကြွစွာ လုံ့လစိုက်ထုတ် ကြိုးပမ်းမှုများနှင့် စွမ်းဆောင်ရည်များကို အကျိုးထိရောက်စွာအသုံးချ သွားစေလိုပါကြောင်း၊


 

• မြန်မာနိုင်ငံဆရာဝန်အသင်းရှိ ဘာသာရပ်အဖွဲ့ (society) များ အချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှု၊ မြန်မာနိုင်ငံသွားဘက်ဆိုင်ရာဆရာဝန်အသင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း၊ မြန်မာ့နိုင်ငံဆေးဝါး ပညာရှင်များအသင်း၊ မြန်မာဆေးဘက်ဆိုင်ရာဓာတ်ခွဲပညာရှင်အသင်း၊ မြန်မာနိုင်ငံ ဆေးဘက်ဆိုင်ရာ ဓာတ်ရောင်ခြည်နည်းပညာရှင်များအသင်းစသည့် နှီးနွှယ်အသင်း (association) များနှင့် ပိုမိုပူးပေါင်း၍ ကွန်ရက်ချိတ်ဆက်ကာ မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍနှင့် ဆေးနှင့် ဆေးနှီးနွှယ်ပညာရပ်များ တိုးတက်မြင့်မားရေးကို ဆက်လက်ဆောင်ရွက်သွားစေလိုပါကြောင်း၊

• မြန်မာနိုင်ငံဆရာဝန်အသင်းအပါအဝင် ဆေးနှင့် ဆေးနှီးနွှယ် အသင်းများအနေဖြင့် (၆) လလျှင် (၁) ကြိမ်ခန့် တွေ့ဆုံကာ အတွေ့အကြုံများဝေမျှဆွေးနွေးခြင်း၊ လုပ်ငန်းများပိုမို တိုးတက်ကောင်းမွန်စေရေး အကြံပြုဆွေးနွေးခြင်းနှင့် လုပ်ငန်းမူဘောင် (framework) နှင့် လမ်းပြမြေပုံ (road map) များ ရွေးဆွဲခြင်းတို့ကိုဆောင်ရွက်သွားစေလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်သွားရာတွင် ဝန်ကြီးဌာနမှလည်း ပါဝင်ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း၊

• အသင်း၏ ဘာသာရပ်အဖွဲ့ (society) များတွင် တစ်ခုအပါအဝင်ဖြစ်သော အထွေထွေရောဂါကုဆရာဝန်များအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သော ပုဂ္ဂလိကအထွေထွေရောဂါကု ဆရာဝန်များသည် ပြည်သူများ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံမှုကောင်းမွန်စေရေးတို့အတွက် အရေးကြီးပါကြောင်း၊


 

• ပုဂ္ဂလိကဆရာဝန်များ ကုသမှုစွမ်းရည်ပိုမိုမြင့်မားစေရေးအတွက် လက်ရှိတွင် မိသားစု ကျန်းမာရေးစောင့်ရှောက်မှုဆေးပညာ ဒီပလိုမာ (Diploma in Family Medicine) ကို သင်ကြားပေးလျက်ရှိပြီး Master in Family Medicine သင်တန်းများကိုလည်း (၂၀၂၀) ခုနှစ်၊ နှစ်ဦးပိုင်းတွင် ဖွင့်လှစ်သင်ကြားတော့မည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံရှိဆရာဝန်များအားလုံး၏ စွမ်းဆောင်ရည် ပိုမိုမြင့်မားရေးကိုရည်ရွယ်၍ စဉ်ဆက်မပြတ်ဆေးပညာသင်ကြားရေးလုပ်ငန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ယခုကဲ့သို့ ဆေးပညာ ညီလာခံများနှင့် နှီးနှောဖလှယ်ပွဲများပြုလုပ်ရာတွင် ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန် ရည်ရွယ်လျက် ဦးစားပေးပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊

• ယခုကဲ့သို့ ညီလာခံကြီးတွင် ဆေးပညာဘာသာရပ်အသီးသီးမှ ပညာရှင်ကြီးများမှ ပါဝင်ဆွေးနွေးမည်ဖြစ်သဖြင့် တက်ရောက်လာသူ တစ်ဦးချင်းစီအတွက်သာမက ဆေးပညာ လောကကြီး တစ်ခုလုံးအတွက် လွန်စွာအကျိုးရှိပါကြောင်း၊

• ယခုကဲ့သို့ ညီလာခံတွင် ဆွေးနွေးတင်ပြခြင်းများနှင့် စဉ်ဆက်မပြတ်ဆေးပညာ သင်ကြားမှုများကို ဝေးလံဒေသများရှိ ဆရာဝန်များပါသိရှိလေ့လာနိုင်စေရန်အတွက် ခေတ်မီ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို အသုံးချကာ အမြန်ဆုံး အသိပေးဖြန့်ဝေသွားစေလိုပါကြောင်း၊


 

• ဝန်ကြီးဌာနအနေဖြင့် လူနာဘေးကင်းလုံခြုံရေး (patient safety) ဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးလုပ်ငန်းအဖြစ်သတ်မှတ်၍ ဆောင်ရွက်လျက်ရှိပြီး ခွဲစိတ်မှုမပြုလုပ်မီနှင့် ခွဲစိတ်ပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း (Preoperative care and postoperative care) ဆိုင်ရာ လုပ်ငန်းလမ်းညွှန်များရေးဆွဲနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများကို မကြာမီကျင်းပသွားမည်ဖြစ်သဖြင့် အဆိုပါကိစ္စရပ်များတွင် မြန်မာနိုင်ငံဆရာဝန်အသင်းမှ သက်ဆိုင်ရာဘာသာရပ်အဖွဲ့များအနေဖြင့် ပါဝင်ပံ့ပိုးဆောင်ရွက်သွားစေ လိုပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း အထောက်အကူပြု Mobile Tablet များကို အသုံးချကာ ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ကျောင်းကျန်းမာရေးလုပ်ငန်းများကိုလည်း ကျောင်းကျန်းမာရေးလုပ်ငန်းစဉ် (၉) ရပ် ဆောင်ရွက်ရုံသာမက ကျောင်းအခြေပြုကျန်းမာရေးမြှင့်တင်မှု ဦးစားပေး လုပ်ငန်းစဉ် (၇) ရပ်ကိုပါ တွဲဖက်ဆောင်ရွက်လျက်ရှိပါကြောင်း၊


 

• မကူးစက်တတ်သောရောဂါများကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါစစ်ဆေးကုသမှုဆေးခန်းများဖွင့်လှစ်ကာ ဆောင်ရွက် လျက်ရှိပါကြောင်း၊

• အဆိုပါ လုပ်ငန်းကိစ္စရပ်များပိုမိုကောင်းမွန်စေရေးအတွက် အကြံပြုချက်များကိုလည်း ပေးအပ်စေလိုပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်များမှ အသင်းခွဲများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ပူးပေါင်းချိတ်ဆက်ကာ ဆောင်ရွက်သွားစေလိုပါကြောင်း၊

• အသင်းဝင်ဆရာဝန်များအနေဖြင့် ဆေးပညာကျင့်ဝတ်များကို အလေးထားလိုက်နာကြရန်နှင့် လုပ်ငန်းမှုများ ပိုမိုတိုးတက်ကောင်းမွန်စေရန် အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း၊

• မြန်မာနိုင်ငံဆရာဝန်အသင်းသည် World Medical Association နှင့် ပူးပေါင်း၍ အင်တာနက်ကွန်ရက်ကို အသုံးချကာ စဉ်ဆက်မပြတ်ဆေးပညာသင်ကြားမှု အစီအစဉ် (Online CME Program) ကိုဆောင်ရွက်မည်မှာကောင်းမွန်ပြီး ထိုသို့ဆောင်ရွက်ခြင်းကို ဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း၊


 

• ဝန်ထမ်းဆရာဝန်များနှင့် ပုဂ္ဂလိကကဏ္ဍမှ ဆရာဝန်များ စွမ်းရည်ပိုမိုမြင့်မားလာသည်နှင့်အညီ ပိုမိုကောင်းမွန်အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်နိုင်မည် ဖြစ်ကာ ရလဒ်အနေဖြင့် ပြည်သူများအားလုံးပင် အထူးအကျိုးရှိမည်ဖြစ်ပါကြောင်း၊

• ယခုညီလာခံတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဆရာဝန်အသင်းများ၏ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ တက်ရောက်လာသည်မှာ ကောင်းမွန် ပါကြောင်း၊ ဤကဲ့သို့သော ပတ်ဝန်းကျင်နိုင်ငံများမှ ဆရာဝန်အသင်းများနှင့် အတွေ့အကြုံဖလှယ်ခြင်းနှင့် ကွန်ရက်ချိတ်ဆက်ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်စေလိုပါကြောင်း၊

• အသင်းကြီးအနေဖြင့် ရခိုင်ပြည်နယ်နှင့် နေပြည်တော်တို့တွင် အသင်းခွဲများဖွင့်လှစ်နိုင်ခဲ့မှု၊ အသင်းဝင်များတိုးတက်လာမှု၊ စဉ်ဆက်မပြတ်ဆေးပညာသင်ကြားရေးလုပ်ငန်းများ ပိုမို တိုးချဲ့ဆောင်ရွက်နေမှုများ အပါအဝင် လုပ်ငန်းဆောင်ရွက်မှုများ ပီပြင်ပြောင်မြောက်မှုကို တွေ့မြင်ရသဖြင့် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

• မြန်မာနိုင်ငံဆရာဝန်အသင်း အင်အားတောင့်တင်းခြင်းသည် ဆေးပညာလောကကြီး တစ်ခုလုံးအတွက် အင်အားတောင့်တင်းခြင်းပင်ဖြစ်သဖြင့် လုပ်ငန်းများအား ညီညွတ်စွာဖြင့် ဝိုင်းဝန်းဆောင်ရွက်ပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြက အသင်းကြီးမှ ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့ပြီး-

• အသင်းသည် World Medical Association နှင့် ပူးပေါင်း၍ အင်တာနက်ကွန်ရက်ကို အသုံးချကာ စဉ်ဆက်မပြတ်ဆေးပညာသင်ကြားမှု အစီအစဉ်(Online CME Program) ကို အခမဲ့တက်ရောက် နိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• ပြည်သူများအတွက် ကျန်းမာရေးအသိပညာမြှင့်တင်မှုများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင် ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) တွင် သင်ကြားလေ့ကျင့်မှုဌာန (training centre) (၅) ထပ် အဆောက်အဦကိုဆောက်လုပ်နိုင်ခဲ့ပြီး အဆိုပါ အဆောက်အဦတွင် ပညာရပ် ကျွမ်းကျင်မှုလက်တွေ့လေ့ကျင့်ခန်း (skill training lab) နှင့် စဉ်ဆက်မပြတ် ဆေးပညာသင်ကြားမြှင့်တင်မှု (CME/CPD unit) ဌာန တို့ပါဝင်ပါကြောင်း၊

• အသင်းတွင် ဘာသာရပ်အဖွဲ့ (society) များအနေဖြင့် ယခုအခါ (၄၄) ဖွဲ့အထိဖွဲ့စည်းနိုင်ခဲ့ပြီး အားကစားဆိုင်ရာ ဆေးပညာရပ်အဖွဲ့ (sports medicine society) ကိုလည်းဖွဲ့စည်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှုများအပါအဝင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ဆက်လက်၍ အရှိန်အဟုန်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ဆရာဝန်အသင်းများ၏ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပါသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် မြန်မာနိုင်ငံဆရာဝန်အသင်း၊ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာရဲမြတို့က ဆေးနှင့်ဆေးပစ္စည်း ကိရိယာပြခန်းများအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညီလာခံသို့တက်ရောက်လာကြသော ဆေးပညာရှင်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများနှင့်အတူ သုတေသန စာတမ်းပိုစတာများနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။


 

     ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) အလုပ်အမှုဆောင် (၂၀၂၀-၂၀၂၂) ရွေးချယ်တင်မြှောက်ပွဲတွင် ကွန်ပျူတာကို အသုံးပြုကာ လျှို့ဝှက်မဲစနစ်ဖြင့် ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိမှုများကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို) အလုပ်အမှုဆောင်(၂၀၂၀-၂၀၂၂) ရွေးချယ်တင်မြှောက်ပွဲအတွက် ဆန္ဒမဲပေးအပ်ခဲ့ပါသည်။

     (၆၆)ကြိမ်မြောက် မြန်မာနိုင်ငံဆရာဝန်အသင်းညီလာခံကို (၂၀၂၀)ခုနှစ်၊ ဇန်နဝါရီလ (၁၈)ရက်နေ့မှ (၂၂)ရက်နေ့အထိ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

     အဆိုပါ ညီလာခံဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အငြိမ်းစားဆေးပညာရှင်ကြီးများ၊ မြန်မာနိုင်ငံ ဆေးပညာရှင်အသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များနှင့် အသင်းဝင်များ၊ ဆေးပညာရှင်ကြီးများ၊ ပါမောက္ခများ၊ ဆရာဝန်များ၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။


 

 

 

 

More Tags