(၆)လတာကာလအတွင်း အားကစားနှင့်ကာယပညာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်များ သုံးသပ်ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော် ၊ (၂၀၁၉) ခုနှစ်၊ မေလ(၁၆) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးအမှတ်(၃၁)၌ ကျင်းပပြုလုပ်လျက်ရှိသည့် (၂ဝ၁၈) ခုနှစ်၊ အောက်တိုဘာလမှ (၂ဝ၁၉) ခုနှစ် မတ်လအထိ (၆)လတာကာလအတွင်း (၆)လတာကာလအတွင်း အားကစားနှင့်ကာယပညာ ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်များ သုံးသပ်ညှိနှိုင်း အစည်းအဝေး ဒုတိယနေ့သို့ တက်ရောက်ခဲ့ပါသည်။

 

     အစည်းအဝေးသို့တက်ရောက်လာကြသည့် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်များတွင် အားကစားလုပ်ငန်းများ ယခုထက် ပိုမိုအောင်မြင်စေရန် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ အားကစားကွင်းများ Synthetic ပြေးလမ်းများအသစ် ဆောက်လုပ်ရေးကိစ္စရပ်များ၊ ဖွဲ့စည်းပုံများတိုးချဲ့ ပြင်ဆင်နိုင်ရေးကိစ္စရပ်များ၊ ကိုယ်လက်လှုပ်ရှား အားကစားကို ပြည်သူများ ပိုမိုလိုက်စားဆောင်ရွက်နိုင်ရေး ဆောင်ရွက်နေမှုများ၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ပြည်သူများအတွက် Outdoor Fitness Equipment များ တပ်ဆင်ထားရှိမှု အခြေအနေများ၊ ဝန်ထမ်းရေးရာကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကိုတင်ပြခဲ့ပါသည်။

 

     ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ ဖြည့်စွက်ဆွေးနွေးရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် အားကစားနှင့်ကာယပညာဦးစီးဌာနများနှင့် အားကစားနှင့်ကာယ ပညာသိပ္ပံကျောင်း (၆) ကျောင်းတို့တွင် ဘဏ္ဍာငွေအပါအဝင် လိုအပ်ချက်များ၊ ပြည်နယ်/တိုင်း/ခရိုင်/ မြို့နယ် ဖွဲ့စည်းပုံအသစ်တိုးချဲ့ခန့်ထားနိုင်ရေးကိစ္စရပ်များ၊ နည်းပြအခက်အခဲများ၊ အား/ကာသိပ္ပံကျောင်းများ အားကစား နည်းအလိုက် နိုင်ငံတကာနည်းပြများ ငှားရမ်းခန့်ထားရန်ကိစ္စများ၊ အားကစားကွင်း/ရုံ ပြုပြင်ထိန်းသိမ်းနိုင်ရေးကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးတင်ပြပါသည်။

 

     ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဌာနခွဲအလိုက် လိုအပ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး(Exercise is Medicine) ဆောင်ပုဒ်ဖြင့် ပြည်သူများပိုမို ကျန်းမာသန်စွမ်းစေရေး ဆောင်ရွက်ထားမှု အခြေအနေများကို ထပ်မံဖြည့်စွက်ဆွေးနွေးပါသည်။

 

     ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• အားကစားလောကကြီး တစ်ခုလုံးပိုမိုတိုးတက်အောင်မြင်စေရေးအတွက် ဆန်းသစ်သော အတွေးအမြင်များဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများသည် မိမိ၏ ကျောင်း ဘက်စုံပိုမိုကောင်းမွန်တိုးတက်စေရေး ကိစ္စရပ်များကို မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စကဲ့သို့ မှတ်ယူဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• ကျောင်းအုပ်ကြီးများအနေဖြင့် အခြား အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများကို (၂)လ လျှင် တစ်ကြိမ်ခန့် လှည့်လည်ကြည့်ရှုပြီး ကောင်းမွန်သည့် လုပ်ဆောင်ချက်များကို နမူနာယူ၍ မိမိ၏ ကျောင်းတွင်လည်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများတွင် လူငယ်အားကစားသမားများ စတင် ရွေးချယ်စဉ်ကတည်းက ကျန်းမာရေးစစ်ဆေးမှုများကို စနစ်တကျပြုလုပ်ရန်နှင့် ကျောင်းတွင် တက်ရောက်၍ အားကစားလေ့ကျင့်စဉ်တွင်လည်း တိုးတက်မှုအခြေအနေများကို စဉ်ဆက်မပြတ် စောင့်ကြည့် အကဲဖြတ်ရမည်ဖြစ်ပါကြောင်း၊

• အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ အားကစားသမားများအားလုံးတွင် မူးယစ် ဆေးဝါး၊ တားမြစ်ဆေးဝါး၊ အရက်၊ ကွမ်းယာ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီး ကင်းစင်ရေးကို အထူးအလေးထား စည်းကမ်းကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• အဆိုပါကျောင်းများတွင် အားကစားသမားများအား အာဟာရပြည့်ဝစေရေးကျွေးမွေးနေမှုများ ကိုလည်း ပိုမိုကောင်းမွန်စေရေး အာဟာရပညာရှင်များထံမှ အကြံဉာဏ်များ ရယူဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊

• အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအလိုက် လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှု အခြေအနေများကို အကဲဖြတ်ဆန်းစစ်ရန်အချက်များစာရင်း (progress monitoring checklist) ကို ပြုစု၍ လစဉ်ပုံမှန် ဆန်းစစ်အကဲဖြတ်ကာ ဦးစီးဌာနထံ တင်ပြရမည်ဖြစ်ပါကြောင်း၊

 

• လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှု ကောင်းမွန်သည့် ကျောင်းများကို အသိအမှတ်ပြု ဆုများပေးအပ်သွားရမည်ဖြစ်ပါကြောင်း၊

• တိုင်းဒေသကြီး/ ပြည်နယ်များရှိ အားကစားပြိုင်ပွဲများတွင် အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းများမှ အားကစားသမားများ၏ နှစ်အလိုက် ဆုရရှိမှုအခြေအနေများကိုလည်း ဆန်းစစ်သွားရမည်ဖြစ်ပါကြောင်း၊

• အားကစားသိပ္ပံဘွဲ့ (B.Sc (Sports)) သင်တန်းများမှ နှစ်အလိုက် အောင်မြင်သူများနှင့် နောက်ဆုံးနှစ်အောင်မြင်သူများကို focus group discussion ပြုလုပ်၍ အားနည်းချက်များ ဖော်ထုတ်ကာ ပိုမိုကောင်းမွန်စေရေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် အားကစားအောင်နိုင်ရေးအတွက်သာမက ပြည်သူများကျန်းမာသန်စွမ်း ရေးလုပ်ငန်းများကိုလည်း ဦးစားပေးသတ်မှတ် ဆောင်ရွက်လျက်ရှိပြီး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးငယ်များ အားကစားလှုပ်ရှားလေ့ကျင့်ခြင်း၊ အာဟာရဖွံ့ဖြိုးရေး နှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများပိုမိုကောင်းမွန်တိုးတက်ရေး နှီးနှောဆွေးနွေး ဖလှယ်ပွဲကြီး တစ်ခုကိုလည်း မကြာမီကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• Outdoor Fitness Equipment များ တပ်ဆင်ထား ရှိရာတွင် ပြည်သူများပိုမို အသုံးပြု အားကစားလေ့ကျင့်နိုင်ရန်အတွက် အရိပ်ရ၍ သက်တောင့်သက်သာ အားကစား ပြုလုပ်နိုင်မည့် နေရာများတွင်သာ ရွေးချယ်တပ်ဆင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

• Healthy Myanmar Seminar (Exercise is Medicine) နှင့် National Sports Seminar တို့မှ ဆွေးနွေးအကြံပြုချက်များနှင့် လုပ်ဆောင်ရန်အချက်များကို တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးများထံ တင်ပြဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနမှ အားကစားလောကကြီးတစ်ခုလုံးပိုမိုတိုးတက်စေရန် လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     အဆိုပါ အစည်းအဝေးသို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြသန်းထိုက်၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

 
 

More Tags