(၄၈) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Union Minister Dr. Myint Htwe attends the opening ceremony of 48th Myanmar Health Research Congress

ရန်ကုန်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန်၌ ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ ညီလာခံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• ဝန်ကြီးဌာနမှ နှစ်စဉ်ပြုလုပ်လျက်ရှိသော ယခုညီလာခံကြီးသည် သုတေသနပညာရှင်များ၊ ဆေးပညာရှင်များ၊ စီမံခန့်ခွဲသူများ အားလုံးအတွက် အတွေ့အကြုံနှင့် အသိပညာများ မျှဝေရာ နေရာကြီးလည်း ဖြစ်ပါကြောင်း၊

• သုတေသနရလဒ်နှင့် တွေ့ရှိသုံးသပ်ချက်များသည် မူဝါဒ၊ စီမံခန့်ခွဲမှု၊ လုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများအတွက် အရေးကြီးပါကြောင်း၊

• ဝန်ကြီးဌာနမှ ပြုလုပ်ထားသော သုတေသနများမှ တွေ့ရှိသုံးသပ်ချက်များနှင့် အကြံပြုချက်များကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချဆောင်ရွက်မှုအခြေအနေများကို ပြန်လည်ဆန်းစစ်သုံးသပ်ကြစေ လိုပါကြောင်း၊

• သုတေသနရလဒ်နှင့်တွေ့ရှိသုံးသပ်ချက်များကို အမှန်တကယ်အသုံးချဆောင်ရွက်မှသာ သုတေသနပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အောင်မြင်မည်ဖြစ်ပါကြောင်း၊

• သုတေသနစာတမ်းအလိုက် သုတေသနပြုစုသူ သုတေသီအဖြစ်သတ်မှတ်မှုများကိုလည်း သတ်မှတ်ချက်များနှင့် ဆောင်ရွက်စေလိုပါကြောင်း၊


 

• ဝန်ကြီးဌာနမှ အသုံးချ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန် (၂၀၁၇-၂၀၁၈)ခု ဘဏ္ဍာနှစ်တွင် ခွင့်ပြု ဘဏ္ဍာငွေ ကျပ်သန်း (၁၀၀၀)၊ (၂၀၁၈)ခု ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ကျပ်သန်း (၅၀၀)၊ (၂၀၁၈-၂၀၁၉)ခု ဘဏ္ဍာနှစ်တွင် ကျပ်သန်း (၁၅၀၀)ကို ခွင့်ပြုချထားပေးခဲ့ပြီး အဆိုပါ ဘဏ္ဍာငွေများကို အသုံးပြု၍ ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက်လုပ်ငန်းများ၏ စီမံခန့်ခွဲအုပ်ချုပ်မှု၊ ပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှု၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်များ ပိုမိုတိုးတက် မြင့်မားစေရန်အတွက် လက်တွေ့အသုံးချ သုတေသနများအပါအဝင် သုတေသနစီမံချက် (၉၅၅) ခုကို လုပ်ဆောင်ခဲ့ပြီး (၂၀၁၉-၂၀၂၀)ခု ဘဏ္ဍာနှစ်တွင် ကျပ်သန်း (၃၀၀၀) ကို ထပ်မံခွင့်ပြုချထားပေးခဲ့ပါကြောင်း၊

• ဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် တက္ကသိုလ်များတွင် သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့များအားဖြည့်ဖွဲ့စည်းခြင်းနှင့် အသစ်ဖွဲ့စည်းခြင်းများပြုလုပ်၍ သုတေသနများ စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း၊

• မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသန မှတ်ပုံတင်စနစ် (Myanmar health research registry) ကိုလည်း ဆောင်ရွက်ခဲ့ပြီး သုတေသနဆောင်ရွက်မှု အားနည်းလျက်ရှိသော အရေးကြီးကဏ္ဍများကို စိစစ်သုံးသပ်ပြီး ဦးစားပေးသုံးသပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

• အမျိုးသားကျန်းမာရေးသုတေသနမူဝါဒ (၂၀၁၇) ကို ရေးဆွဲချမှတ်ခဲ့ပြီး အဆိုပါ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် လုပ်ငန်းမူဘောင်၊ လမ်းပြမြေပုံများနှင့် အစီအစဉ်များ ဆက်လက်ရေးဆွဲချမှတ်သွားမည်ဖြစ်ပါကြောင်း၊


 

• ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) တွင်လည်း သုတေသနစွမ်းဆောင်ရည် လေ့ကျင့်မြှင့်တင်ရေးဗဟိုဌာနကို ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနမှ စိတ်ပါဝင်စားသူဝန်ထမ်းများ ပါဝင်တက်ရောက်နိုင်ပါကြောင်း၊

• မျိုးဆက်သစ်ဆေးပညာရှင်များကိုလည်း သုတေသနစွမ်းဆောင်ရည်များ မြင့်မားရေး အားပေးမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် တက္ကသိုလ်များတွင် သုတေသနကို ပိုမိုစိတ်ဝင်စား သိရှိစေရန်နှင့် ဆောင်ရွက်သည့် အလေ့အကျင့်များ တိုးပွားလာစေရန်အတွက် သုတေသနတင်ပြမှုစွမ်းဆောင်ရည်၊ သုတေသနအဆိုပြုလွှာရေးသားမှု၊ သုတေသအဆိုပြုလွှာအပေါ် ဝေဖန်ဆွေးနွေးမှု၊ သုတေသနတင်ပြမှုအပေါ် မေးမြန်းဆွေးနွေးမှုများကို တက္ကသိုလ်အလိုက်သော်လည်းကောင်း၊ တက္ကသိုလ်အချင်းချင်းလည်းကောင်း ပြိုင်ပွဲသဖွယ် ကျင်းပသွားစေလိုပါကြောင်း၊

• ဝန်ကြီးဌာနတွင် ဆောင်ရွက်ရန်လိုအပ်သည့် သုတေသနများကို အခန်းကဏ္ဍအလိုက် ပြုစု၍ သုတေသနခေါင်းစဉ်ဘဏ်တိုက် (research title bank) တစ်ခုကို ပြုလုပ်သွားစေလိုပါကြောင်း၊

• သုတေသနပြုလုပ်လိုသူများအနေဖြင့် အဆိုပါ သုတေသနခေါင်းစဉ်ဘဏ်တိုက်မှ ရယူဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊


 

• ဆေးသုတေသနဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံနှင့် သင့်တော်သော သုတေကျင့်ဝတ်ပိုင်းဆိုင်ရာ၊ သုတေသနလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများကို ရေးဆွဲ ထုတ်ဝေသွားစေလိုပါကြောင်း၊

• ယခုကဲ့သို့သောညီလာခံကြီးတွင် သူနာပြုများ၊ ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြုပညာရှင်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ ပိုမိုတက်ရောက်ပါဝင်နိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

• ယခုညီလာခံကြီးတွင် သုတေသနပိုစတာပေါင်း (၁၀၇)နှင့် စာတမ်း (၁၂၂) စောင်၊ စုစုပေါင်း (၂၂၉) စောင်တို့ကို ဖတ်ကြားဆွေးနွေးသွားကြမည်ဖြစ်ပြီး အရည်အသွေးမြင့်မားသည်ကိုတွေ့ရှိရကြောင်း၊

• ညီလာခံတွင် ဆုရရှိသူသုတေသီများအား ပထမဆု (၁၀) သိန်းကျပ်၊ ဒုတိယဆု (၈) သိန်းကျပ်နှင့် တတိယဆု (၆) သိန်းကျပ်ဖြင့် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊

• သုတေသနလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုများသည် နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်အချိုးကျဆက်စပ်နေပါကြောင်း၊

• သုတေသနပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ညီလာခံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ညီလာခံတွင် ခင်းကျင်းပြသထားသည့် ကျန်းမာရေးဆိုင်ရာ သုတေသန ပိုစတာများနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုသည်။


 

     ယင်းနောက် ယနေ့၊ နေ့လယ်ပိုင်းတွင် ညီလာခံခန်းမ (၁) ၌ ကျင်းပသည့် သုတေသနစာတမ်းဖတ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက သဘာပတိအဖြစ်လည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက တွဲဖက်သဘာပတိအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။


 

     (၄၈) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံကို “ကမ္ဘာကြီးကို ခြိမ်းခြောက်နေသော ပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ် (antimicrobial resistance: a threat of global concern)” ဟူသော ညီလာခံခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ဂျပန်၊ နော်ဝေ၊ ကိုရီးယား၊ စင်ကာပူ၊ ဗြိတိန်၊ ဩစတြေးလျ၊ တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံမှ သုတေသီပညာရှင်များက သုတေသနစာတမ်းများ တင်သွင်းဖတ်ကြားခြင်း၊ သုတေသနပိုစတာများပြသခြင်း၊ ဆွေးနွေးနှီးနှောဖလှယ်ခြင်းများ ဆောင်ရွက်သွားကြမည်ဖြစ်ပါသည်။


 

     ညီလာခံတွင် အခြေခံသုတေသနစာတမ်း (၄၅) စောင်၊ လက်တွေ့အသုံးချသုတေသနစာတမ်း (၄၃) စောင်၊ လူမှုရေးနှင့်ကျန်းမာရေးစနစ်သုတေသနစာတမ်း စာတမ်း (၃၄) စောင်နှင့် သုတေသနပိုစတာ (၁၀၇) စောင်၊ စုစုပေါင်း (၂၂၉) စောင်တို့ကို ဖတ်ကြားဆွေးနွေးသွားကြမည်ဖြစ်ပါသည်။

     ညီလာခံကို ဇန်နဝါရီ (၁၃)ရက်မှ (၁၇) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အကောင်းဆုံး အခြေခံသုတေသနစာတမ်း၊ အကောင်းဆုံး လက်တွေ့အသုံးချသုတေသနစာတမ်း၊ အကောင်းဆုံး လူမှုရေးနှင့် ကျန်းမာရေးစနစ်သုတေသနစာတမ်း၊ အကောင်းဆုံး ပိုစတာနှင့် လူငယ်သုတေသီဆု (၃) မျိုး၊ စုစုပေါင်း ဆုအမျိုးအစား (၇) မျိုးအတွက် ပထမ၊ ဒုတိယနှင့် တတိယဆု များရွေးချယ်ပေးအပ်သွားမည်ဖြစ်ပါသည်။


 

More Tags