(၄) ကြိမ်မြောက် အရှေ့တောင်အာရှ ဆေးဘက်ဆိုင်ရာ ဓာတ်ရောင်ခြည်နည်းပညာရှင်များညီလာခံ ကျင်းပ

     (၄) ကြိမ်မြောက် အရှေ့တောင်အာရှဆေးဘက်ဆိုင်ရာ ဓာတ်ရောင်ခြည်နည်းပညာရှင်များညီလာခံ၊ (၃) ကြိမ်မြောက် မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင် ဆေးဘက်ဆိုင်ရာဓာတ်ရောင်ခြည်နည်းပညာရှင်များ ညီလာခံနှင့် (၆) ကြိမ်မြောက် မြန်မာနိုင်ငံ ဓာတ်ရောင်ခြည် နည်းပညာရှင်များအသင်း ညီလာခံဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာလ (၁၁) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ Chatrium ဟိုတယ်၌ကျင်းပရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသနိုင်ငံများမှ ဆေးဘက်ဆိုင်ရာ ဓာတ်ရောင်ခြည် နည်းပညာရှင်အသင်း ဥက္ကဌများနှင့် ညီလာခံကိုယ်စားလှယ်များ တက်ရောက်ကြသည်။


 

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ညီလာခံတွင် နောက်ဆုံးပေါ် ဓာတ်ရောင်ခြည်အသုံးချပညာရပ်များ၊ ဓာတ်ရောင်ခြည်ကုထုံးများနှင့်ပတ်သက်သည့် စာတမ်းများကို ဖတ်ကြားပြီး နိုင်ငံအသီးသီးရှိပညာရှင်များ အချင်းချင်းဆွေးနွေးတိုင်ပင်ကာ အသိပညာများဖလှယ် ကြမည်ဖြစ်ပါကြောင်း၊

    ယခုအခါ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်တွင်ကင်ဆာရောဂါအမျိုးမျိုးဖြစ်ပွားမှု များပြားနေသည့် အချိန်အခါဖြစ်၍ ဓာတ်ရောင်ခြည် ပညာရှင်များ၊ ဓာတ်ရောင်ခြည်ကုထုံး ပညာရှင်များ၏အရေးပါမှုသည် ယခင်ထက်ပိုမိုမြင့်မားလျက်ရှိပါကြောင်း၊ နောက်ဆုံးပေါ် နည်းပညာရပ်များအား အသုံးချကုသပေးနိုင်ပါက ကင်ဆာရောဂါဖြစ်ပွားသူများ၊ မိသားစုဝင်များအပါအဝင် ပြည်သူတစ်ရပ်လုံး အကျိုးရှိမည်ဖြစ်ပါကြောင်း၊

     ဓာတ်မှန်နှင့် ဓာတ်ရောင်ခြည်ကုထုံးဆိုင်ရာပညာရပ်များ ယခုထက်ပိုမိုတိုးတက်ပြီး ဤပညာရပ်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုတိုးတက်လာစေရန်အတွက် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်များ၊ မြန်မာနိုင်ငံ ဓာတ်မှန်ပညာရှင်များနှင့် ဓာတ်ရောင်ခြည် ပညာရှင်များအသင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနတို့သည် သုံးချောင်းထောက်ပုံစံအဖြစ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လက်တွေ့အသုံးချ ပညာရပ်များဆိုင်ရာ သုတေသနလုပ်ငန်းများ ယခုထက်ပိုမိုဆောင်ရွက်ကြရန်နှင့် ဝန်ကြီးဌာနမှလည်း ပံ့ပိုးပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

    ဆက်လက်ပြီး မြန်မာနိုင်ငံဆေးဘက်ဆိုင်ရာ ဓာတ်ရောင်ခြည်နည်းပညာရှင်များအသင်းဥက္ကဌ ဦးခင်မောင်တင်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားသည်။


 

     ထို့နောက် အာဆီယံနိုင်ငံများမှ ဆေးဘက်ဆိုင်ရာ ဓာတ်ရောင်ခြည်နည်းပညာရှင်များအသင်း ဥက္ကဌများသည် သက်ဆိုင်ရာ နိုင်ငံကိုယ်စားပြုအလံငယ်များကို စိုက်ထူကြပြီး မြန်မာနိုင်ငံဆေးဘက်ဆိုင်ရာ ဓာတ်ရောင်ခြည် နည်းပညာရှင်များအသင်းဥက္ကဌက အောင်စည်အောင်မောင်းတီး၍ ညီလာခံကို ဖွင့်လှစ်ပေးခဲ့သည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံတက်ရောက်လာသော အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပြီး ညီလာခံအထိမ်းအမှတ်ပြခန်းများကို ကြည့်ရှုခဲ့သည်။ အဆိုပါညီလာခံကို နိုဝင်ဘာလ (၁၀) ရက်နေ့မှ (၁၂) ရက်နေ့အထိ (၃) ရက်တာ ကျင်းပသွားမည် ဖြစ်သည်။

More Tags