(၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့ အောင်မြင်စွာဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ ပြည်ထောင်စုဝန်ကြီးထံတင်ပြခြင်းနှင့် လမ်းညွှန်မှုခံယူခြင်းအခမ်းအနား

Union Minister Dr. Myint Htwe attends the meeting on the preparation for the 30th SEA Games

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာ(၁၇)ရက်နေ့

     (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲသို့ မြန်မာအားကစားအဖွဲ့ အောင်မြင်စွာဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများ ပြည်ထောင်စုဝန်ကြီးထံ တင်ပြခြင်းနှင့် လမ်းညွှန်မှုခံယူခြင်းအခမ်းအနားအား ယနေ့ညနေ (၃)နာရီအချိန်တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

 

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာတွင် -

• အရှေ့တောင်အာရှအားက စားပြိုင်ပွဲဝင်မည့် မြန်မာနိုင်ငံမှ အားကစားသမားများ၊ အုပ်ချုပ်သူနှင့် နည်းပြများအနေဖြင့် ပြိုင်ပွဲတွင် အားကစားစိတ်ဓာတ်ပြည့်ဝစွာဖြင့် ယှဉ်ပြိုင်ခြင်း၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစားအဖွဲ့ချုပ်များ အချင်းချင်းအကြား ချစ်ကြည်ရင်းနှီးမှု၊ ပြိုင်ပွဲဝင်နိုင်ငံများ အကြားချစ်ကြည်ရင်းနှီးမှုများတိုးပွားစေရေး ရှေးရှု၍ ဝန်ကြီးဌာနမှ ခွင့်ပြုရရှိသော ဘဏ္ဍာငွေအခြေအနေနှင့် ချိန်ထိုး၍ ပါဝင်ယှဉ်ပြိုင်သွားရမည်ဖြစ်ပါကြောင်း၊

• ပြိုင်ပွဲဝင်အားကစားသမားများ ရွေးချယ်စေလွှတ်ရာတွင်လည်း နိုင်ခြေအဆင့်မြင့်မားသည့် အားကစားသမားများသာမက မျိုးဆက်သစ်အားကစားသမားများကိုပါ အတွေ့အကြုံရရှိစေရေး စေလွှတ်သွားရမည် ဖြစ်ပါကြောင်း၊

• ပြိုင်ပွဲတွင် ပါဝင်သည့် အုပ်ချုပ်သူနှင့် နည်းပြများအနေဖြင့် မိမိတို့၏ အားကစားသမားများ ပြိုင်ပွဲဝင်မှုကိစ္စရပ်များကို လုပ်ဆောင်ခြင်းသာမက အခြားပြိုင်ပွဲဝင်နိုင်ငံများမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အတွေ့အကြုံနှင့် နည်းစနစ်ဖလှယ်မှုများ၊ ကွန်ရက်ချိတ်ဆက်ဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်စေလိုပါကြောင်း၊

 

• ပြိုင်ပွဲဝင်အားကစားသမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ နေထိုင်စားသောက်မှုများကိုလည်း အထူးအလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

• အောင်ပွဲရရှိသည့် အားကစားသမားများ၊ အုပ်ချုပ်သူများနှင့် နည်းပြများကို ဝန်ကြီးဌာနအနေဖြင့် ထိုက်တန်စွာ ဆုချီးမြှင့်မည်ဖြစ်ပါကြောင်း၊

• အားကစားသမားကောင်းတစ်ဦးမွေးထုတ်ရန်အတွက် အချိန်ယူဆောင်ရွက်ရသည်ဖြစ်သဖြင့် ဝန်ကြီးဌာနရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၆) ကျောင်း၏ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များကို ဆောင်ရွက်ရန် လိုအပ်သည့်အပြင် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် အားကစားလှုပ်ရှားမှုများနှင့် ပြိုင်ပွဲများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

• ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားအဖွဲ့ချုပ်များ၊ အားကစားသမားများအနေဖြင့် အချင်းချင်းရိုင်းပင်းကူညီမှုစိတ်ဓာတ်ဖြင့် မိမိတို့နိုင်ငံတော်၏ အလံကို အောင်လံလွှင့်ထူနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ မြန်မာအားကစားအဖွဲ့သွားရောက် ယှဉ်ပြိုင်နိုင်ရေးအတွက်၊ လူရွေးချယ်စေလွှတ်နိုင်ရေးအတွက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများဦးစီး၍ အားကစားအဖွဲ့ချုပ်များဖြင့် ရန်ကုန်၌ (၄)ကြိမ်၊ နေပြည်တော်၌ (၃)ကြိမ် ပြုလုပ်စာရင်းရယူခဲ့ပါကြောင်း၊ ရယူပြီးသောလူစာရင်းများအား ဒုတိယဝန်ကြီးမှ ဦးစီး၍ အဖွဲ့ချုပ် ဉက္ကဌများ ပါဝင်သော အစည်းအဝေးကို ဩဂုတ်လ (၁၁)ရက်နေ့တွင် ရန်ကုန်၌တစ်ကြိမ်၊ နေပြည်တော်မှ စက်တင်ဘာလ (၂၆)ရက်နေ့မှာ တစ်ကြိမ် ပြုလုပ်ပြီး ယှဉ်ပြိုင်ရန်လူစာရင်းကို အတည်ပြုခဲ့ပါကြောင်း၊ ရရှိပြီးလူစာရင်းအား ပြည်ထောင်စုဝန်ကြီးထံ တင်ပြ၍ အတည်ပြုရယူရမည် ဖြစ်ပါသည်။ အတည်ပြုပြီးသွားရောက်ယှဉ်ပြိုင်မည့် အားကစာသမားများအား (၂)နိုင်ငံပူးတွဲ လေ့ကျင့်မှု အစီအစဉ်ဖြင့် အိန္ဒိယနိုင်ငံနှင့် ဂျပန်နိုင်ငံသို့ စေလွှတ်လေ့ကျင့်စေပြီး နိုဝင်ဘာလတွင် တရုတ်နိုင်ငံနှင် ရုရှားနိုင်ငံသို့ ထပ်မံစေလွှတ်လေ့ကျင့်စေပြီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပါသည်။

 

     ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ (၃၀)ကြိမ်မြောက် ပြိုင်ပွဲအား ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ(၁၂)ရက်နေ့အထိ မြို့ကြီး(၄)မြို့တွင် အားကစားနည်း(၅၆)မျိုးကို လက်ခံကျင်းပမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ အားကစာနည်း(၃၂)မျိုး ပါဝင်ယှဉ်ပြိုင်ရန် လျာထားပြီး စုစုပေါင်း အင်အား(၅၂၇)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ရန် လျာထားပါကြောင်း၊ (၄၅၇)ဦးမှာ နိုင်ငံတော်စရိတ်ဖြင့် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး(၇၀)ဦးမှာ အဖွဲ့ချုပ်စရိတ်ဖြင့် ကုန်ကျပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပါ ကြောင်း၊ သွားရောက်ယှဉ်ပြိုင်မည့် အားကစား အဖွဲ့များ၏ ကုန်ကျစရိတ်အသေးစိတ်ကိုလည်းကောင်း၊ အောင်မြင်မှုရရှိပါက ဆုချီးမြှင့်ငွေအား နိုင်ငံတော်သို့ တင်ပြထားရှိမှုကိုလည်းကောင်း၊ အားကစားအဖွဲ့ချုပ်နှင့် ပူးပေါင်းကြိုတင်ပြင်ဆင်ထားရှိမှု အကြောင်းအရာများကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

     ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသော ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် အခြားတာဝန်ရှိသူများမှ လိုအပ်သည်များကို အသီးသီးထပ်မံ ဖြည့်စွက် ဆွေးနွေးခဲ့ကြပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ မြန်မာအားကစားအောင်မြင်မှုရရှိစေရေး ဝိုင်းဝန်းကြိုးစားကြရန်နှင့် အားကစားသမားများ ထောက်ပံ့ငွေတိုးမြှင့်ပေးရေး၊ ဆုကြေးငွေ သတ်မှတ်ပေးနိုင်မှု သိရှိနိုင်ရန် အမြန်ဆုံးဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လိုက်ပါမည့် အားကစားအဖွဲ့များ ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များ၊ အခြားကိစ္စရပ်များကို ဆုံးဖြတ်ပေးခဲ့ကြောင်းသိရှိရပါသည်။

   အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်အတူ ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဖြစ်ကြသော ဦးထွန်းမြဦး၊ ဦးကျော်ဦးနှင့် ဝန်ကြီးရုံး (အားကစား)၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

More Tags