၂၀၃၀ ခုနှစ်တွင် မဟာမဲခေါင်ဒေသတွင်း ငှက်ဖျားရောဂါကင်းဝေးရေး အရှိန်အဟုန်မြှင့်တင်ရန် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကျင်းပ

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဒီဇင်ဘာလ (၈) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အရှေ့တောင်အာရှ ဒေသဆိုင်ရာညွှန်ကြားရေးမှူး (Regional Director), Dr. Poonam Khetrapal Singh ၊ အာရှ- ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၊ Dr. Shin Young-Soo တို့ပါဝင်သောအဖွဲ့နှင့် အာရှ-ပစိဖိတ်ဒေသတွင်း ခေါင်းဆောင်များ၏ ငှက်ဖျားရောဂါတိုက်ဖျက်ရေး မိတ်ဖက်အဖွဲ့အစည်း (APLMA) မှ Board Chair, Ms. Ruby Shang ပါဝင်သောအဖွဲ့တို့အား သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။

     နံနက် (၁၀:၀၀) နာရီတွင် Grand Amara Hotel ၌ ၂၀၃၀ခုနှစ်တွင် မဟာမဲခေါင်ဒေသတွင်း ငှက်ဖျားရောဂါကင်းဝေးရေးအတွက် အရှိန်အဟုန်မြှင့်တင်ရန် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ လာအိုပြည်သူ့ဒီမိုကရက် သမ္မတနိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ ကမ္ဘာကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အာရှပစိဖိတ် ဒေသတွင်း ခေါင်းဆောင်များ၏ ငှက်ဖျားရောဂါတိုက်ဖျက်ရေး မိတ်ဖက်အဖွဲ့အစည်း (APLMA)၊ ကမ္ဘာ့ရံပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၈၀)ဦး တက်ရောက်ကြပါသည်။


 

     အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မဟာမဲခေါင်ဒေသတွင်း ငှက်ဖျားကင်းဝေးရေး အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအတွက် ယခုနှစ် မတ်လတွင် မြန်မာနိုင်ငံ၌ စတင်ဆွေးနွေးတိုင်ပင်ခဲ့ကြပါကြောင်း၊ ယနေ့အစည်အဝေးသည် မဟာမဲခေါင်ဒေသတွင်းနိုင်ငံများအတွင်း ပူးပေါင်းဆောင်ရွက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် သမိုင်းမှတ်တမ်းတင်ရမည့် အောင်မြင်မှုတစ်ခုဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးမှ ငှက်ဖျားရောဂါကင်းဝေးရေး ပန်းတိုင်ကိုရောက်ရှိစေရေး ဒေသတွင်းအတူတကွ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုများ ရရှိမည်ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် (၉) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးတွင် အာရှ-ပစိဖိတ်ဒေသတွင်း ငှက်ဖျားရောဂါကင်းဝေးရေးအတွက် ခေါင်ဆောင်များမှကတိပြုခဲ့ကြပါကြောင်း၊ အဆိုပါရည်မှန်းချက် အကောင်အထည်ဖေါ်နိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာ့ရံပုံငွေအဖွဲ့၊ Bill and Melinda Gates Foundation စသည့် အဖွဲ့များက အဓိကပံ့ပိုးကူညီခဲ့ကြပါကြောင်း၊


 

     မဟာမဲခေါင်ဒေသတွင်းတွင် လွန်ခဲ့သော (၅)နှစ်အတွင်း၌ ငှက်ဖျားရောဂါဖြစ်ပွားမှုကို ၈၆% နှင့် ငှက်ဖျားရောဂါကြောင့် သေဆုံးနှုံးကို ၉၁% သို့ လျော့ချနိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည်လည်း “WHO Global Technical Strategy and Strategy for Malaria Elimination in the Greater Mekong Subregion” ကိုအခြေခံပြီး အမျိုးသားငှက်ဖျားရောဂါကင်းဝေးရေးစီမံချက်ကိုရေးဆွဲပြီး လုပ်ငန်းများ စတင်လျက်ရှိပါကြောင်း၊ စီမံချက်များကို တာဝန်ရှိပုဂ္ဂိုလ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူတကွစနစ်တကျလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ငှက်ဖျားရောဂါလျော့နည်းကျဆင်းလာသော်လည်း ဝေးလံခက်ခဲသည့်နေရာများ၊ နယ်စပ်ဒေသများ၊ ရွှေ့ပြောင်းနေထိုင်ကြသည့်လူများတွင် ဖြစ်ပွားမှုရှိနေဆဲ ဖြစ်ပါကြောင်း၊

     ငှက်ဖျားဆေးယဉ်ပါးမှုနှင့် အာတီမီဆီနင် ငှက်ဖျားဆေးပေါင်းကို ဆေးယဉ်ပါးမှုများသည်လည်း မဟာမဲခေါင်ဒေသကို ခြိမ်းခြောက်လျက်ရှိပါကြောင်း၊ အရည်အသွေး မပြည့်မီသည့် ငှက်ဖျားဆေးများ၊ ငှက်ဖျားဆေးဝါးအတုများအား အချို့နေရာများတွင် တွေ့ရှိနေရပါကြောင်း၊ ငှက်ဖျားရောဂါကင်းဝေးစေရေး ဆောင်ရွက်ရာတွင် ငှက်ဖျားရောဂါပိုးသယ်ဆောင်သည့်ခြင်၏ သဘောသဘာဝ၊ ခြင်များ၏ ပိုးသတ်ဆေးယဉ်ပါးလာမှု၊ အပြုအမူပြောင်းလဲမှုများကိုလည်း အထူးအရေးပေးထည့်သွင်း လေ့လာရမည်ဖြစ်ပါကြောင်း၊ ဒေသတွင်းနိုင်ငံများ၊ အလှူရှင်အဖွဲ့ အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူတကွ ပူးပေါင်းဆောင်ရွက်မှုများဖြင့် မဟာမဲခေါင်ဒေသတွင်း ငှက်ဖျားရောဂါကင်းဝေးရေးကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ကျင်းပသည့် အစည်းအဝေးမှ ကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှု များ ယခုထက် ပိုမိုရရှိနိုင်မည်ဟု အခိုင်အမာယုံကြည်ပါကြောင်း၊ ငှက်ဖျားရောဂါ ကင်းဝေးရန် မဟာမဲခေါင်ဒေသတွင်းတွင် "One Region One Strategy" ကိုဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် မဟာမဲခေါင်ဒေသတွင်းနိုင်ငံများ၊ အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ငှက်ဖျားရောဂါကင်းဝေးရေး ဆောင်ရွက်ရန် အသင့်ရှိနေပါကြောင်းဖြင့်ပြောကြားပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အရှေ့တောင်အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး၊ အာရှပစိဖိတ်ဒေသဆိုင်ရာညွှန်ကြားရေးမှူး၊ မဟာမဲခေါင်ဒေသတွင်းနိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ် များမှ ၂၀၃၀ ခုနှစ်တွင် မဟာမဲခေါင်ဒေသတွင်း ငှက်ဖျားရောဂါကင်းဝေးရေးအတွက် အပြန်အလှန် ဆွေးနွေးကြပါသည်။

     ယင်းနောက် မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က မဟာမဲခေါင်ဒေသတွင်းနိုင်ငံများကိုယ်စား “Ministerial Call for Action to Eliminate Malaria in the Greater Mekong Subregion before 2030” အားဖတ်ကြားအဆိုပြုပါသည်။ ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များကအသီးသီး ထောက်ခံဆွေးနွေးကြပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဒေသဆိုင်ရာညွှန်ကြားရေးမှူးနှစ်ဦး၊ APLMA အဖွဲ့မှ ကိုယ်စားလှယ်၊ လူထုအခြေပြုအဖွဲ့အစည်းမှ ကိုယ်စားလှယ်၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ ကိုယ်စားလှယ် ၊ USAID မှ ကိုယ်စားလှယ်၊ ကမ္ဘာ့ရံပုံငွေအဖွဲ့မှ ကိုယ်စားလှယ်တို့က ပါဝင်ထောက်ခံ ဆွေးနွေးကြပါသည်။ ထို့နောက် “Ministerial Call for Action to Eliminate Malaria in the Greater Mekong Subregion before 2030” ကို အတည်ပြုပြီး အစည်းအဝေးအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။ အစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲအား ပြုလုပ်ခဲ့ပါသည်။

     ညနေပိုင်းတွင် "ကမ္ဘာ့ရန်ပုံငွေအဖွဲ့၊ NFM-2 Grant Agreements (2018-2020) " သဘောတူလက်မှတ်ရေးထိုးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ Interim Executive Director, Dr. Marijke Wijnroks၊ UNOPS မှ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး၊ Mr. Sanjay Mathur, Save the Children မှ Country Director, Mr. Michael McGrath ၊ Civil Society များ၏ကိုယ်စားလှယ် ဒေါ်နွယ်ဇင်ဝင်းတို့ပါဝင်၍ HIV/AIDS ကာကွယ်ကုသရေးလုပ်ငန်းများအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ ထောက်ပံ့ကူညီမည့် အမေရိကန်ဒေါ်လာ သန်း(၁၃၀) နှင့် TB ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ အတွက် အမေရိကန်ဒေါ်လာ (၉၄) သန်း ပံ့ပိုးပေးသွားမည့် အကြောင်းအရာအား သ​ဘောတူလက်မှတ်ရေးထိုးကြပါသည်။

 
 

More Tags