(၂၀၂၀) ပြည့်နှစ် ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်ဖွင့်လှစ်

Union Minister Dr. Myint Htwe opens The 8th Yoma Yangon International Marathon (YYIM) 2020

ရန်ကုန်၊ (၂၀၂၀) ခုနှစ်၊ ဇန်နဝါရီလ(၁၉)ရက်။

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက်(၅)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘူမိ Event Park ၌ ကျင်းပပြုလုပ်ခဲ့သော (၈)ကြိမ်မြောက် ရိုးမ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးအား ဖွင့်လှစ်ပေးခဲ့ပါသည်။


 

     အဆိုပါမာရသွန်ပြိုင်ပွဲအား အပြေးအားကစားချစ်မြတ်နိုးစိတ်မှတဆင့် ပြည်တွင်း၊ ပြည်ပ အားကစားသမားများ၏ စိတ်ဝင်စားမှုရရှိနိုင်ရန်နှင့် အဖွဲ့အစည်းများကို ချိတ်ဆက်ပေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်၊ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမောင်မောင်စိုးနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ YSH/ FMI/ SPA တို့၏ ဥက္ကဌ ဦးသိမ်းဝေ၊ Yoma Strategic Holdings ၏ အမှုဆောင်အရာရှိချုပ် Mr. Melvyn Pun ၊ နိုင်ငံတကာမှ အပြေးသမားများတက်ရောက်ကြသည်။


 

     ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးမောင်မောင်စိုး၊ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့က (၄၂)ကီလိုမီတာမာရသွန် အပြည့်နှင့် (၂၁ကီလိုမီတာ) တစ်ဝက် မာရသွန်တို့အား တာထွက်အလံမြှောက်၍ ဖွင့်လှစ်ပေးခဲ့သည်။


 

     ယင်းပြိုင်ပွဲကို(၄၂)ကီလိုမီတာမာရသွန်အပြည့်နှင့် (၂၁)ကီလိုမီတာတစ်ဝက်မာရသွန်၊ (၁၀) ကီလိုမီတာ စိန်ခေါ်မာရသွန်နှင့် (၃)ကီလိုမီတာ အပျော်တမ်းအပြေး/ လမ်းလျှောက်ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား (၄)မျိုးခွဲခြားထားရာ တာထွက်နှင့် ပန်းဝင်နေရာမှာ သုဝဏ္ဏဘူမိ Event Park ဖြစ်ပြီး ပြိုင်ပွဲလမ်းကြောင်းတစ်လျှောက်တွင် ရန်ကုန်မြို့၏ အထင်ကရနေရာများဖြစ်သည့် ဗိုလ်တထောင်ဘုရား၊ ရွှေတိဂုံဘုရားနှင့် အင်းလျားကန်တို့ကို ဖြတ်သန်းသွားရမည်ဖြစ်သည်။


 

     ပြိုင်ပွဲတွင် ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ မလေးရှား၊ ပြင်သစ်၊ UK နှင့် ဟောင်ကောင်နိုင်ငံတို့မှ အပြေးသမားများ၊ ပြည်တွင်း၊ ပြည်ပမှ အပြေးသမားပေါင်းအင်အား (၁၁၀၀၀)ကျော်နှင့် နိုင်ငံတကာ အပြေးသမားပေါင်း (၉၆၀)ဦး ပါဝင်ကြသည်။


 

     ဆုကြေးငွေများကို (၄၂)ကီလိုမီတာမာရသွန်အပြည့် ပြိုင်ပွဲတွင် ပထမဆု Crystal Trophy ဆုနှင့် အမေရိကန်ဒေါ်လာ ၂၇၀၀၊ ဒုတိယဆု Crystal Trophy နှင့် အမေရိကန်ဒေါ်လာ ၁၄၀၀ နှင့် တတိယဆု Crystal Trophy နှင့် အမေရိကန်ဒေါ်လာ ၉၀၀ ၊ (၂၁) ကီလိုမီတာတစ်ဝက် မာရသွန်ပြိုင်ပွဲတွင် ပထမဆု Crystal Trophy နှင့် အမေရိကန်ဒေါ်လာ ၁၆၀၀၊ ဒုတိယဆု Crystal Trophy နှင့် အမေရိကန်ဒေါ်လာ ၉၀၀ နှင့် တတိယဆု Crystal Trophy နှင့် အမေရိကန်ဒေါ်လာ ၅၀၀ ၊ (၁၀)ကီလိုမီတာ စိန်ခေါ်မာရသွန်ပြိုင်ပွဲတွင် ပထမဆု Crystal Trophy နှင့် အမေရိကန်ဒေါ်လာ ၈၀၀၊ ဒုတိယဆု Crystal Trophy နှင့် အမေရိကန်ဒေါ်လာ ၄၀၀ နှင့် တတိယဆု Crystal Trophy နှင့် အမေရိကန်ဒေါ်လာ ၂၅၀ တို့ကို ပေးအပ်ချီးမြှင့်မှာဖြစ်ပြီး (၄၂)ကီလိုမီတာ မာရသွန်အပြည့်နှင့် (၂၁)ကီလိုမီတာ တစ်ဝက်မာရသွန် ၊ (၁၀)ကီလိုမီတာ စိန်ခေါ်မာရသွန်နှင့် (၃)ကီလိုမီတာ အပျော်တမ်း အပြေး/လမ်းလျှောက် ပြိုင်ပွဲစသည့် ပြိုင်ပွဲအမျိုးအစားများတွင် ပါဝင် ယှဉ်ပြိုင်သူတိုင်း မည်သည့် အမျိုးအစားကိုဖြစ်စေ အောင်မြင်စွာ ယှဉ်ပြိုင်နိုင်ပါက ဆုတံဆိပ်(၁)ခု စီနှင့် မာရသွန်အပြည့်ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်သူများကို တီရှပ်(၁)ထည်စီ ဂုဏ်ပြု ချီးမြှင့်သွားမည်ဖြစ်သည်။


 

     ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးမောင်မောင်စိုး၊ အတွင်းရေးမှူး ဒေါ်လှိုင်ဦးမော်နှင့် ရိုးမမှတာဝန်ရှိပုဂ္ဂိုလ်များက အမျိုးသား(၄၂)ကီလိုမီတာတန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုများကို ကင်ညာနိုင်ငံမှလည်းကောင်း၊ အမျိုးသမီး (၄၂)ကီလိုမီတာတန်းတွင် ပထမ (ကင်ညာနိုင်ငံ)၊ ဒုတိယ (ကင်ညာနိုင်ငံ)နှင့် တတိယ (မြန်မာ)မှ လည်းကောင်း၊ အမျိုးသား (၂၁)ကီလိုမီတာတန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများကို ကင်ညာနိုင်ငံမှ လည်းကောင်း၊ အမျိုးသမီး(၂၁)ကီလိုမီတာတန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုများကို ကင်ညာနိုင်ငံမှ လည်းကောင်း၊ အမျိုးသား(၁၀)ကီလိုမီတာတန်းတွင် ပထမ (ကင်ညာနိုင်ငံ)၊ ဒုတိယ (ကင်ညာနိုင်ငံ)နှင့် တတိယ (မြန်မာ)မှ လည်းကောင်း၊ အမျိုးသမီး(၁၀)ကီလိုမီတာတန်းတွင် ပထမ၊ ဒုတိယ၊ တတိယဆုများကို မြန်မာနိုင်ငံတို့မှ ဖြစ်ကြပြီး ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

More Tags