(၂၀၁၉) ခုနှစ်၊ (၁၂) ကြိမ်မြောက် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက်

Union Minister Dr. Myint Htwe attends the (2019) Korean Ambassador’s Cup Taekwondo Championship

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ အောက်တိုဘာလ(၁၂)ရက်။

     (၂၀၁၉) ခုနှစ်၊ (၁၂)ကြိမ်မြောက် ကိုရီးယားသံအမတ်ကြီး ဖလားတိုက်ကွမ်ဒိုပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်းရှိ မိုးလုံလေလုံအားကစားရုံ၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr Lee Sang Hwa နှင့် ကိုရီးယားသမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ် ဥက္ကဌ ဦးမြဟန်နှင့် အမှုဆောင် ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်းအသင်းအုပ်ချုပ်သူ/နည်းပြ၊ ဒိုင်လူကြီးများနှင့် ပြိုင်ပွဲဝင်အားကစားသမားများတက်ရောက်ကြသည်။

 


 

     ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းနေရာယူပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာ တွင် -

• မြန်မာနိုင်ငံတွင် ကိုရီးယားလူမျိုးတို့၏ ကိုယ်ခံပညာရပ်ဖြစ်သော တိုက်ကွမ်ဒိုပညာသည် (၁၉၇၃) ခုနှစ်မှ စတင်၍ စာပေမှတဆင့်ရောက်ရှိကာ လေ့ကျင့်ကစားခဲ့ကြကြောင်း၊

• (၁၉၈၆) ခုနှစ်အတွင်း ကမ္ဘာ့တိုက်ကွမ်ဒိုအဖွဲ့ချုပ်သရုပ်ပြအဖွဲ့မှ မြန်မာနိုင်ငံသို့လာရောက် သရုပ်ပြခဲ့ရာမှစတင်ပြီး မြန်မာတို့ တိုက်ကွမ်ဒိုအားကစားနည်းကို ပိုမိုသိမြင်ခဲ့ကြပါကြောင်း၊

• (၁၉၈၇) ခုနှစ်တွင် မြန်မာနှင့်ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အရ ကိုရီးယားလူမျိုးတိုက်ကွမ်ဒိုနည်းပြ(၁)ဦး ရန်ကုန်မြို့သို့ရောက်ရှိလာပြီး အခြေခံနှင့် အဆင့်မြင့် တိုက်ကွမ်ဒိုသင်တန်းများဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊

• (၁၉၈၉) ခုနှစ် ၊ ဇွန်လ(၁၂) ရက်နေ့မှာ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်ကို ဖွဲ့စည်းတည်ထောင်ကာ မြန်မာနိုင်ငံတစ်ဝှမ်း တိုက်ကွမ်ဒိုအားကစားနည်း ပြန့်ပွားရေးအတွက် ပိုမိုဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊

• မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ် ဖွဲ့စည်းပြီးနောက် (၁၉၈၉) ခုနှစ် (၁၅)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲမှစတင်၍ ယခုအချိန်အထိ (၂)နှစ်တစ်ကြိမ် ကျင်းပပြုလုပ်ခဲ့သော အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၉)ခု၊ ကြေးတံဆိပ်(၄၇)ခု အထူးသဖြင့် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော (၂၀၁၃) ခုနှစ်၊ (၂၇)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၁)ခု၊ ကြေးတံဆိပ်(၆)ခု ရရှိခဲ့ကာ အပြည်ပြည်ဆိုင်ရာ တိုက်ကွမ်ဒိုဖိတ်ခေါ်ပြိုင်ပွဲများ တွင်လည်း ရွှေတံဆိပ်(၃၅)ခု၊ ငွေတံဆိပ်(၃၈)ခု၊ ကြေးတံဆိပ် (၇၈)ခုဆွတ်ခူးပြီး အမိမြန်မာနိုင်ငံတော်၏ ဂုဏ်ဆောင်နိုင်ခဲ့ကြပါကြောင်း၊


 

• နှစ်နိုင်ငံချစ်ကြည်ရေးအဓွန့်ရှည်ရေးကို မျှော်မှန်းပြီး ကိုရီးယားသံအမတ်ကြီးဖလား တိုက်ကွမ်ဒိုပြိုင်ပွဲများကို (၂၀၀၆) ခုနှစ် မှစတင်၍ နှစ်စဉ်ကျင်းပပြုလုပ်ပေးခဲ့ပြီး ယခုနှစ်တွင် (၁၂) ကြိမ် မြောက် ပြုလုပ်ခြင်းဖြစ်ပါကြောင်း၊

• ယခုပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၆)ကျောင်းမှ သင်တန်းသား/သူများ၊ ဝန်ကြီးဌာနအသင်းများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသင်းများ၊ ကလပ်အသင်းများအပါ အဝင် ပြိုင်ပွဲဝင်းအသင်း(၂၈)သင်း၊ စုစုပေါင်း ပြိုင်ပွဲဝင်အင်အား (၅၅၀)ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်တာကို တွေ့ရှိရပါကြောင်း၊

• ယခုကဲ့သို့ ပြိုင်ပွဲများမှ မြန်မာနိုင်ငံအတွက် ထူးချွန်ထက်မြက်သော မျိုးဆက်သစ် တိုက်ကွမ်ဒိုအားကစားသမားများကို ရွေးချယ်နိုင်ခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အားကစားနည်း တစ်ခုတွင် ထူးချွန်ထက်မြက်သူကစားသမားများ ရွေးချယ်မွေးထုတ်ပေးနိုင်ရေးအတွက် အားကစားပြိုင်ပွဲများကို အကြိမ်အရေအတွက်များစွာပြုလုပ်ရန် လိုအပ်သည့်အတွက် တိုက်ကွမ်ဒို ပြိုင်ပွဲများကို ယခုထက်ပိုမိုပြီး ထပ်တိုးကျင်းပပေးဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊


 

• ကျောင်းသား၊ ကျောင်းသူများ အားကစားလေ့ကျင့်မှုကို ရင်းနှီး၍ လေ့လာလိုက်စားနိုင်ရန် မြန်မာတစ်နိုင်ငံလုံးရှိကျောင်းများတွင် တိုက်ကွမ်ဒိုအားကစားနည်းကို လိုက်လံသရုပ်ပြသကစား စေလိုပါကြောင်း၊

• တိုက်ကွမ်ဒိုအားကစားနည်းကိုလေ့ကျင့်ကစားခြင်းဖြင့် မိမိကိုယ်ကိုယုံကြည်မှု၊ ရပ်တည်နိုင်မှု၊စည်းကမ်းရှိမှုနှင့် မိမိကိုယ်ကိုကာကွယ်နိုင်မှုတို့ရရှိပိုင်ဆိုင်လာမည်ဖြစ်ပါကြောင်း၊

• အားကစားလေ့ကျင့်လိုက်စားခြင်းအားဖြင့် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးစွဲလမ်းခြင်းကိစ္စရပ်များ လျော့နည်းပပျောက်သွားမည်ဖြစ်ပါကြောင်း၊

• မြန်မာ့တိုက်ကွမ်ဒို အားကစားအဆင့်အတန်း ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာပြိုင်ပွဲများတွင် တိုက်ကွမ်ဒိုအားကစားနည်းအောင်မြင်မှုရရှိရန်တို့အတွက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် ကူညီပံ့ပိုးဆောင်ရွက်ပေးသော ကိုရီးယားသမ္မတနိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။


 

     ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E Mr Lee Sang Hwa က အမှာစကားပြောကြားရာတွင် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်စေရန်အတွက် ခရီးသွားလာရေးကဏ္ဍ၊ ယဉ်းကျေးမှုကဏ္ဍ၊ အားကစားကဏ္ဍနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုက်ကွမ်ဒိုအားကစားနည်းဟာ စည်းမျဉ်းစည်းကမ်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှု၊ အခြားမည်သို့သော စိန်ခေါ်မှုမျိုးကိုမဆို ကျော်လွှားနိုင်သလိုဘဲ စိတ်ဓါတ်ကြံ့ခိုင်မှု အခြေခံထားသော ကိုရီးယားရိုးရာ အားကစားနည်း ဖြစ်ပါကြောင်း၊ မြန်မာနှင့် ကိုရီးယား နှစ်နိုင်ငံသည် သမိုင်းကြောင်းအရသော်လည်းကောင်း၊ စိတ်ဓါတ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ တူညီသောအချက် များစွာရှိနေပါသောကြောင့် မြန်မာ နိုင်ငံတွင် ကိုရီးယားနိုင်ငံရဲ့ တိုက်ကွမ်ဒိုအားကစားနည်း ပြန့်ပွားလာသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း ပြောကြားခဲ့ပြီးဆက်လက်၍ မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်ဥက္ကဌ ဦးမြဟန် က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။


 

     ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H.E Mr Lee Sang Hwa နှင့် ကိုရီးယား သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံတိုက်ကွမ်ဒို အဖွဲ့ချုပ်ဥက္ကဌ ဦးမြဟန်တို့က ပြိုင်ပွဲဝင်အသင်း များအား လိုက်လံနှုတ်ဆက်ခဲ့ပြီး ပြိုင်ပွဲအား ကြည့်ရှုအားပေးခဲ့သည်။


 

     အဆိုပါ ပြိုင်ပွဲတွင် အသက်(၁၂)နှစ်၊ အသက်(၁၇)နှစ်အောက်နှင့် အသက်(၁၈)နှစ်အထက် အမျိုးသား/အမျိုးသမီးအတိုက်၊ ' က' ကွက်ပြိုင်ပွဲများတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ ဝန်ကြီးဌာနအသင်းများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၊ ကလပ်အသင်းများ စုစုပေါင်း(၂၈) သင်း ပါဝင်၍ ပြိုင်ပွဲဝင်အားကစားသမား (၅၀၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ပါသည်။


 
 
 
 

More Tags