(၂၀၁၉) ခုနှစ်၊ မြန်မာနိုင်ငံတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းလုပ်ငန်းများအား ပူးပေါင်းကွင်းဆင်းဆန်းစစ်မှု အစီရင်ခံခြင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်

Union Minister Dr. Myint Htwe attends joint programme review mission for Tuberculosis (2019) high-level meeting

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၂၁) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်တွင် Hilton Hotel၊ နေပြည်တော်၌ ကျင်းပခဲ့သည့် မြန်မာနိုင်ငံတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းလုပ်ငန်းများအား ပူးပေါင်းကွင်းဆင်းဆန်းစစ်မှုတွေ့ရှိချက်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ရုံးချုပ်) မှ WHO Global Task Force on TB Impact Measurement ၏ ဥက္ကဋ္ဌ Dr. Jaap Broekmans နှင့် ကွင်းဆင်းအဖွဲ့ဝင်များက ရှင်းလင်းတင်ပြသည့်အစည်းအဝေး (Joint programme review mission for Tuberculosis (2019) high level meeting) သို့ တက်ရောက်ခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် -

• တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းလုပ်ငန်းများ အပါအဝင် ဝန်ကြီးဌာန၏ လုပ်ငန်းအသီးသီး၏ ဆောင်ရွက်အကောင်အထည်ဖော်မှုနှင့် အောင်မြင်ထိရောက်မှု အခြေအနေများကို ဆန်းစစ်သုံးသပ်ခြင်းသည် အရေးကြီးပါကြောင်း၊

• နိုင်ငံတကာနှင့် ပြည်တွင်းရှိ ဌာနနှင့် အဖွဲ့အစည်းစုံမှ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်း အတွေ့အကြုံမြင့်မားသည့် ပညာရှင်ကြီးများပါဝင်သည့် ပူးပေါင်းကွင်းဆင်းဆန်းစစ်မှုအဖွဲ့၏ ရှုထောင့်စုံ၊ ဘက်ပေါင်းစုံမှ ဆန်းစစ်တွေ့ရှိချက်များနှင့် အကြံပြုချက်များသည် မြန်မာနိုင်ငံ၏ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်ရေးအတွက်များစွာ အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊

• ပူးပေါင်းကွင်းဆင်းဆန်းစစ်မှုအဖွဲ့အနေဖြင့် ယခုဆန်းစစ်တွေ့ရှိချက်နှင့် အတွေ့အကြုံများကို အခြေခံ၍ အမျိုးသားအဆင့် တီဘီရောဂါတိုက်ဖျက်ရေး မဟာဗျူဟာ (၂၀၁၆-၂၀၂၀) (National Strategic Plan for Tuberculosis 2016-2020) တွင် ပါဝင်သော လုပ်ငန်းစဉ်များသည် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် အထိရောက်ဆုံးဖြစ်စေသည့် လုပ်ငန်းစဉ်များ ဟုတ်/မဟုတ်ကို သုံးသပ်ပေးစေလို ပါကြောင်း၊


 

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မဟာဗျူဟာလမ်းညွှန်ချက် (၃) ရပ်ဖြစ်သည့် လူနာဗဟိုပြုသည့် ရောဂါကာကွယ်ရေးနှင့် ကုသရေး၊ လေးနက်ခိုင်မာသည့် မူဝါဒနှင့် အထောက်အကူပြုစနစ်၊ ပိုမိုအားကောင်းသည့် သုတေသနနှင့် ဆန်းသစ်တီထွင်မှုတို့ကို မြန်မာနိုင်ငံ၏ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးချဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ပူးပေါင်းကွင်းဆင်းဆန်းစစ်မှုအဖွဲ့မှ အဆိုပါ မဟာဗျူဟာလမ်းညွှန်ချက် (၃) ရပ်နှင့် ကိုက်ညီသည့် လုပ်ငန်းစဉ်များကို ဖော်ထုတ်၍ အကြံပြုစေလိုပါကြောင်း၊

• အဆိုပါ အကြံပြုချက်များသည် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများအတွက်သာမက အမျိုးသားအဆင့် တီဘီရောဂါတိုက်ဖျက်ရေး မဟာဗျူဟာ (၂၀၂၁-၂၀၂၅) (National Strategic Plan for Tuberculosis 2021-2025) ရေးဆွဲချမှတ်ရာတွင်လည်း များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါ မဟာဗျူဟာတွင် ပါဝင်မည့် လုပ်ငန်းစဉ်များသည် လက်တွေ့ မြေပြင်အခြေအနေတွင် ထိရောက်စွာဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များဖြစ်ရန် လိုအပ်ပါကြောင်း၊

• တီဘီရောဂါဖြစ်ပွားမှုအကြောင်းရင်းများ၌ ပြည်သူများ၏ လူမှု-စီးပွားရေးအခြေအနေနှင့် ကျန်းမာရေးအသိပညာကြွယ်ဝမှုတို့သည် အဓိကကျသောအကြောင်းအချက်များအဖြစ် ပါဝင်ပါကြောင်း၊ တီဘီရောဂါ ဖြစ်ပွားမှုများ ပိုမိုလျော့နည်းစေရန်အတွက်ဆောင်ရွက်ရာတွင် အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများ၏ အခန်းကဏ္ဍမှာ အထူးအရေးကြီးပါကြောင်း၊


 

• မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များချမှတ်ရေးဆွဲရာတွင် အဆိုပါ အဓိကအချက်များကို ထည့်သွင်း စဉ်းစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• တီဘီရောဂါဖြစ်ပွားမှုရှိ၊ မရှိကို ကျန်းမာရေးဌာနတွင် လာရောက်စစ်ဆေးမှုခံယူခြင်း၊ ရောဂါဖြစ်ပွားမှုရှိပါက စောစီးစွာကုသမှုခံယူခြင်း၊ အာနိသင်ထိရောက် ဆေးကုသမှုကို သတ်မှတ် အချိန်ကာလ အပြည့်အဝ ခံယူခြင်းစသည်တို့နှင့် ပတ်သက်သော အခြေခံအကြောင်းအရာ၊ သဘောတရားကို ဖော်ထုတ်သိရှိနိုင်ရန်အတွက် အပြုအမူ၊ အရည်အသွေးနှင့် ခံယူချက်ပိုင်းဆိုင်ရာ သုတေသန (qualitative research) များကို လည်းပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊

• ရိုးရှင်းပြီး တိကျမြန်ဆန်စွာ အသုံးပြုဆောင်ရွက်နိုင်မည့် လုပ်ငန်းဆန်းစစ်မှု အညွှန်းပြအချက် (parameter) များကိုလည်း ပြုစု အသုံးချဆောင်ရွက်စေလိုပါကြောင်း၊

• ရွေ့ပြောင်းသွားလာနေထိုင်သူများ၊ အကျဉ်းကျခံရသူများ၊ စက်ရုံ၊ အလုပ်ရုံတွင် အလုပ်လုပ်သူများ၊ ခုခံကျရောဂါဖြစ်ပွားသူများ အကြား တီဘီရောဂါကူးစက်ပြန့်ပွားမှုဆိုင်ရာ အချက်အလက်များသည်လည်း လုပ်ငန်းဆောင်ရွက်မှုများအတွက် အထောက်အကူပြုနိုင်ပါကြောင်းနှင့် အဆိုပါလူအုပ်စုများကို အထူးအလေးပေး စဉ်းစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ယခင် ပူးပေါင်းကွင်းဆင်းဆန်းစစ်မှု (၅) ကြိမ်ဆောင်ရွက်ခဲ့ရာတွင် တွေ့ရှိချက်များနှင့် အကြံပြုချက်များနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပြန်လည်သုံးသပ် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊


 

• တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့် (၂၀၁၇) ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော First WHO Global Ministerial Conference on Ending TB၊ Moscow Declaration to End TB နှင့် (၂၀၁၈) ခုနှစ်တွင် ကျင်းပခဲ့သော Delhi end TB Summit: Call for action တို့မှ ပေါ်ထွက်လာသော အကြံပြုချက်များနှင့် အကြောင်းအရာများသည် အထူးအရေးကြီးသဖြင့် လေ့လာကြစေ လိုပါကြောင်း၊

• နှီးနွှယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများကိုလည်း ယနေ့အစည်းအဝေးတွင် ပါဝင်တက်ရောက်စေသကဲ့သို့ အခြားတီဘီရောဂါတိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးများနှင့် အလုပ်ရုံဆွေးနွေးပွဲများသို့လည်း ဖိတ်ကြားရမည်ဖြစ်ပြီး အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းဆောင်ရွက်မှုများ၏ အရေးကြီးသော အခန်းကဏ္ဍမှ အဖွဲ့ဝင်များအဖြစ် ပါဝင်စေရမည်ဖြစ်ပါကြောင်း၊

• တီဘီရောဂါထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တီဘီရောဂါဖြစ်ပွားလူနာသတင်းကို မဖြစ်မနေ အကြောင်းကြားရန် (Mandatory TB case Notification) ကြေညာချက်ကို (၂၀၁၈)ခုနှစ်၊ စက်တင်ဘာလက ထုတ်ပြန်နိုင်ခဲ့ခြင်းသည်လည်း လူနာသစ်ရှာဖွေရေးနှင့်ကုသရေး လုပ်ငန်းဆောင်ရွက်မှုများအတွက် များစွာအကျိုးရှိစေခဲ့ပါကြောင်း၊

• ခုခံကျရောဂါဖြစ်ပွားနေပြီး ART ဆေးဝါးသောက်သုံးနေရသူများတွင် တီဘီရောဂါကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆေးသောက်သုံးခြင်း (chemoprophylaxis) လွှမ်းခြုံမှုရာခိုင်နှုန်း တိုးမြှင့်စေရေးကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊

• စစ်တမ်းကောက်ယူတွေ့ရှိချက်များအရ မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှုသည် (၂၀၁၇-၂၀၁၈) ခုနှစ်တွင် (၂၀၀၉-၂၀၁၀) ခုနှစ်များထက် ထက်ဝက်ခန့်ကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း၊


 

• ဝန်ကြီးဌာန၏ တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများသည် အောင်မြင်မှုအတိုင်းအတာတစ်ခု အထိရရှိနေပြီဖြစ်သော်လည်း တီဘီရောဂါဖြစ်ပွားမှုများသည် မြန်မာနိုင်ငံ၌ ပြည်သူ့ကျန်းမာရေး ပြဿနာ (public health problem) တစ်ရပ်အဖြစ်ရှိနေပြီး ကမ္ဘာ့တီဘီရောဂါ အဖြစ်အများဆုံးနိုင်ငံ (၃၀) တွင် ဆက်လက်ပါဝင်နေသေးပါကြောင်း၊ အဆိုပါ တီဘီရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံများစာရင်း၌ မပါဝင်စေရန် ပိုမို၍ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ရောဂါဖြစ်ပွားသူရှာဖွေဖော်ထုတ်ခြင်းနှင့် ကုသမှုပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊

• ယခုကွင်းဆင်းဆန်းစစ်မှုမှ အဓိကတွေ့ရှိချက်များကို အခြေခံ၍ လုပ်ငန်းစဉ်များ ဖော်ထုတ်သတ်မှတ်ဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေးတစ်ရပ်ကို မကြာမီကျင်းပလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊

• ထိုသို့ဆောင်ရွက်ရာတွင် တီဘီရောဂါအတွက်သာမက အခြားကူးစက်ရောဂါများ ကာကွယ် တားဆီးနှိမ်နင်းရေးကိစ္စရပ်များကိုပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ရုံးချုပ်) မှ WHO Global Task Force on TB Impact Measurement ၏ ဥက္ကဋ္ဌ Dr. Jaap Broekmans က တီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းလုပ်ငန်းများအား ပူးပေါင်းကွင်းဆင်းဆန်းစစ်မှုကို နိုင်ငံတကာမှ ပညာရှင် (၁၆) ဦးနှင့် ပြည်တွင်းမှ ပညာရှင် (၂၁) ဦးတို့က (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၁) ရက်မှ (၂၁) ရက်နေ့အထိ အဖွဲ့ (၅) ဖွဲ့ခွဲကာ တိုင်းဒေသကြီး/ ပြည်နယ် များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့မှုနှင့် ထိုသို့ ကွင်းဆင်းဆန်းစစ်ရာတွင် တွေ့ရှိချက်နှင့် အကြံပြုချက်များကိုတင်ပြခဲ့ပါသည်။


 

     ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ရုံးချုပ်) မှ Global TB Programme ၏ Coordinator ဖြစ်သူ Ms. Diana Weil နှင့် Stop TB partnership အဖွဲ့မှ Deputy Executive Director ဖြစ်သူ Dr. Suvanand Sahu တို့က အသီးသီးရှင်းလင်းတင်ပြမှုများကို ဆောင်ရွက်ခဲ့ကြပါသည်။

အစည်းအဝေးသို့ တက်ရောက်လာကြသူများက မေးမြန်းဆွေးနွေးခြင်းများနှင့် အကြံပြုခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။


 

     အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရောဂါနှိမ်နင်းရေးဌာနနှင့် ဆေးသုတေသနဌာန၊ အကျဉ်းဦးစီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ဌာနမှူးများ၊ တီဘီရောဂါအထူးကု ဆရာဝန်ကြီးများ၊ ပိုးမွှားဗေဒဆရာဝန်ကြီးများ၊ အဖွဲ့ခေါင်းဆောင်ဆရာဝန်များ တက်ရောက်ခဲ့ကြပါသည်။

More Tags