(၂၀၁၉)ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

ရန်ကုန်၊ (၂၀၁၉) ခုနှစ်၊ မတ်လ (၂၅) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မတ်လ (၂၄) ရက်နေ့၊ ညနေပိုင်းတွင် ဒဂုံမြို့နယ် (တောင်ပိုင်း)၊ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် (၂၀၁၉)ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

     အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ် မတ်လ (၂၄)ရက်နေ့အား ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်၍ ကျင်းပခဲ့သည်မှာ (၂၄) ကြိမ်ရှိပြီဖြစ်ပါကြောင်း၊

• Global TB report (2018) အရ တီဘီရောဂါသည် ကမ္ဘာတွင် ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ရပ်အဖြစ်တည်ရှိနေဆဲဖြစ်ပြီး ကူးစက်ရောဂါများကြောင့် သေဆုံးမှု အများဆုံး ရောဂါ (၁၀)ခုအနက် (၁)ခုလည်း အပါအဝင်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံသည် ကမ္ဘာ့တီဘီရောဂါဖြစ်ပွားမှုအများဆုံး နိုင်ငံ (၃၀)တွင် ပါဝင်နေပြီး အဆိုပါနိုင်ငံ (၃၀) စာရင်းတွင် မပါရှိရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• Global TB Report (2018) ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် (၂၀၁၇)ခုနှစ် အတွင်း လူဦးရေတစ်သိန်းတွင် တီဘီရောဂါ ဖြစ်ပွားသူ (၃၅၈) ဦးရှိပါကြောင်း၊

• (၂၀၁၈) ခုနှစ် တီဘီ/ အိပ်ချ်အိုင်ဗွီစစ်တမ်းအရ တီဘီလူနာသစ်များ၏ (၉.၃) ရာခိုင်နှုန်းသည် အိပ်ချ်အိုင်ဗွီကူးစက်နေသည်ကို တွေ့ရှိရပြီး ဆေးယဉ်ပါး တီဘီစစ်တမ်းအရ တီဘီလူနာသစ်များ၏ (၅) ရာခိုင်နှုန်းတွင် ဆေးယဉ်ပါးတီဘီ ဖြစ်ပွားလျက်ရှိပါကြောင်း၊

 

• ရောဂါကာကွယ်တားဆီးနှိမ်နင်းမှုလုပ်ငန်းများသည် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုမရှိဘဲ မည်သို့မျှအောင်မြင်စွာဆောင်ရွက်နိုင်မည်မဟုတ်ပါကြောင်း၊

• ပြည်သူလူထုမှ စိတ်ပါဝင်စားပြီး လူထု အဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှသာအောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း၊

• ယခု အခမ်းအနားသို့ ပြည်သူအများပါဝင် တက်ရောက်သည်ကို တွေ့ရှိရသဖြင့် စီစဉ်ဆောင်ရွက်ပေးသူများကို ကျေးဇူးတင်ရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့တီဘီရည်မှန်းချက်(End TB)ကို (၂၀၃၅) ခုနှစ်တွင် ပြည့်မှီနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသော “End TB Strategy” ကို အခြေခံ၍ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး (၅)နှစ်မဟာဗျူဟာ စီမံကိန်း National Strategic Plan (2016-2020) ကိုရေးဆွဲ အကောင်အထည်ဖေါ် ဆောင်ရွက်နေပါကြောင်း၊

• နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့်ကိုက်ညီသော မဟာဗျူဟာများကိုချမှတ်ဆောင် ရွက်လျက်ရှိပါကြောင်း၊

 

• မြန်မာနိုင်ငံတွင် (၂၀၁၈) ခုနှစ်အတွင်း စုစုပေါင်းတီဘီလူနာ (၁၄၀ဝ၀ဝ) နီးပါးကို အခမဲ့ ရှာဖွေကုသမှု ပေးနိုင်ခဲ့ပါကြောင်း၊ တီဘီရောဂါဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများတွင် အခမဲ့စစ်ဆေးကုသမှုခံယူခြင်း၊ ရောဂါဖြစ်ပွားသူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ကျင့်သုံးခြင်းဖြင့် မိမိကိုယ်တိုင် ရောဂါပျောက်ကင်းနိုင်သကဲ့သို့ အခြားသူများထံသို့လည်း ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပွားနိုင်ပါကြောင်း၊

• တီဘီရောဂါလူနာများအနေဖြင့် ဆေးမှန်မှန်မသောက်ခြင်းကြောင့် ဆေးယဉ်ပါးတီဘီ (MDR-TB) ဖြစ်ပွားလာပါက ကုသရန်ပိုမိုအချိန်ကြာခြင်း၊ ကုသစရိတ် အဆ (၃၀)မှ (၁၀ဝ) အထိ ပိုမိုကုန်ကျခြင်း၊ ဆေးများ၏ ဘေးထွက်ဆိုးကျိုး ပိုမိုပြင်းထန်စွာခံစားရခြင်းတို့ ဖြစ်ပွားမည်ဖြစ်ပါကြောင်း၊

• ထို့အပြင် ဆေးယဉ်ပါးတီဘီကို ကုသမှုခံယူသူလူနာအနေဖြင့် စနစ်တကျကုသမှု မခံယူခြင်း၊ ဆေးမှန်မှန်မသောက်ခြင်းကြောင့် အလွန်ကုသရန်ခက်ခဲသည့် ဆေးပေါင်းစုံယဉ်ပါး တီဘီရောဂါ (XDR TB) ဖြစ်ပွားလာကာ အသက်သေဆုံးသည် အထိဖြစ်နိုင်ပါကြောင်း၊

• ယခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သော“တီဘီရောဂါကင်းဝေးဖို့၊ ကဏ္ဍပေါင်းစုံ လက်တွဲလို့၊ ယနေ့မှစ ဆောင်ရွက်စို့ (It is time for Action! It is time to End TB) နှင့်အညီ ကဏ္ဍပေါင်းစုံမှ ဌာန/ အဖွဲ့အစည်းများသာမက ပြည်သူများအနေဖြင့် တီဘီရောဂါတိုက်ဖျက်ရေး လုပ်ငန်းများတွင် လက်တွဲပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း၊ ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသော ပြည်သူများအနေဖြင့် မိမိတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများကို တီဘီရောဂါနှင့် ပတ်သက်သော ကျန်းမာရေးအသိပညာ သတင်းစကားများ ပြန်လည် ဝေမျှပေးစေလိုပါကြောင်း၊

• ရောဂါကာကွယ်တားဆီးခြင်းလုပ်ငန်းများကို မြို့ပြ၊ ကျေးလက်နှင့် တောင်ပေါ်ဒေသမကျန် ဆောင်ရွက်လျက်ရှိသော အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ (basic health services professional) ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊

 

• မြန်မာနိုင်ငံတွင် နှစ်စဉ် တီဘီလူနာသစ် တစ်သိန်းကိုးသောင်းခန့်ဖြစ်ပွားမည်ဟု ခန့်မှန်းပြီး တီဘီလူနာ တစ်သိန်းလေးသောင်းခန့်ကို ရောဂါရှာဖွေကုသမှုပေးနိုင်ခဲ့သောကြောင့် ပြည်သူလူထုအတွင်း တီဘီလူနာ(၅၀,ဝ၀ဝ)ခန့် ကျန်ရှိနေသေးသဖြင့် တီဘီလူနာကွင်းဆင်း ရှာဖွေကုသခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊

• ဓါတ်မှန်စက်တပ်ဆင်ထားသောရွေ့လျားတီဘီရောဂါရှာဖွေ ရေးအဖွဲ့များဖြင့် ကျေးလက်ဒေသ၊ ခက်ခဲဒေသ၊ လုပ်ငန်းခွင်၊ အကျဉ်းထောင်များစသည်တို့အထိ ကွင်းဆင်းရောဂါရှာဖွေကုသမှု ပေးလျက်ရှိပါကြောင်း၊ ပြည်သူလူထု၏ တီဘီရောဂါနှင့် ပတ်သက်သည့် အသိပညာ၊ ဗဟုသုတ၊ ခံယူချက်၊ အပြုအမူများ တိုးတက်ပြောင်းလဲလာစေရေးအတွက် ကျန်းမာရေးအသိပညာမြှင့်တင် ခြင်း(Health Literacy Promotion) လုပ်ငန်းကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်း (၃၀)ခန့် နှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ပြင်ပ အထွေထွေရောဂါကုဆရာဝန် စုစုပေါင်း(၂၄၀ဝ)ခန့်လည်း တီဘီရောဂါတိုက်ဖျက်ရေးတွင် ပါဝင် ဆောင်ရွက်လျက်ရှိနေပါကြောင်း၊

• တီဘီရောဂါဖြစ်ပွားမှု စာရင်းဇယားများ ရရှိမှသာ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်သဖြင့် တီဘီရောဂါဖြစ်ပွားမှု မဖြစ်မနေသတင်းပေးပို့စေရေး (Mandatory TB Case Notification) အတွက် (၁၈.၉.၂၀၁၈) ရက်နေ့တွင် ကြော်ငြာစာထုတ်ပြန်ခဲ့ပြီး ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများ၊ ပုဂ္ဂလိက ဓာတ်ခွဲခန်းများမှ တီဘီရောဂါဖြစ်ပွားမှုများကို မဖြစ်မနေ သတင်းပေးပို့ရန်လိုအပ်ပါကြောင်း၊

• နိုင်ငံတော်အစိုးရကလည်း တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် (၁၉၉၅-၁၉၉၆) ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း(၁၄)သန်း ခွင့်ပြုသုံးစွဲခဲ့ရာမှ (၂၀၁၆-၂၀၁၇) ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း (၅၅၆၈) သန်း၊ (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း (၄၂၄၁) သန်း၊ (၂၀၁၈-၂၀၁၉) ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း (၄၀ဝ၀) သန်းကျော်ခန့် ခွင့်ပြုပေးခဲ့ပြီး (၂၀၁၇) ခုနှစ်အတွင်း ကမ္ဘာ့ရန်ပုံငွေအဖွဲ့မှ အမေရိကန်ဒေါ်လာ (၁၉)သန်းနှင့် 3MDG အဖွဲ့မှ အမေရိကန်ဒေါ်လာ (၁.၂) သန်းတို့ကို ပံ့ပိုးပေးခဲ့ပါကြောင်း၊

 

• အဆိုပါ ဘဏ္ဍာငွေနှင့် ရန်ပုံငွေများကို စနစ်တကျ အကျိုးထိရောက်စွာ အသုံးချ ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်နိုင်စေရေးအတွက် အသုံးချ သုတေသနလုပ်ငန်းများကိုလည်း တစ်ပါတည်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• တီဘီရောဂါသည် ဆီးချို သွေးချို၊ ခုခံအားကျ အိပ်ချ်အိုင်ဗွီ၊ ကင်ဆာ စသည့် ရောဂါရှိသူများ၊ အာဟာရမပြည့်ဝသူများနှင့် စတီးရွိုက်ဆေးဝါးသောက်သုံးနေသူများတွင် ပိုမိုဖြစ်ပွား ကူးစက်လွယ်ပါကြောင်း၊

• ပြည်သူများအနေဖြင့် စတီးရွိုက်ဆေးများကို လွန်ကဲစွာအလွဲသုံးစားထည့်သွင်းထားသော စပ်ဆေးများကိုလည်း ရှောင်ကြဉ်ကြစေလိုပါကြောင်း၊

• တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်မှုပိုမိုရရှိစေရန်အတွက် ဝန်ကြီးဌာန၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူများအားလုံးမှ စုစည်းပူးပေါင်းကာ သံဓိဋ္ဌာန်ချဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း က အမှာစကားကိုလည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး၏ သဝဏ်လွှာကိုလည်းကောင်း၊ မြန်မာနိုင်ငံတီဘီအသင်း၊ နာယက ပါမောက္ခဒေါက်တာကျော်မြင့်က တီဘီရောဂါတိုက်ဖျက်ရေးလှုပ်ရှားမှုနှင့် ပတ်သက်၍လည်းကောင်း၊ USAID အဖွဲ့မှ Mission Director Ms. Teresa McGhie က USAID အဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများနှင့် ပံ့ပိုးကူညီမှုများကိုလည်းကောင်း အသီးသီး ပြောကြားခဲ့ပါသည်။

 

     ယင်းနောက် (၂၀၁၉) ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် တီဘီရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများတွင် တက်ကြွလှုပ်ရှားမှု ထူးချွန်ဆုရမြို့နယ်များနှင့် ထူးချွန်ဆုရ ဓါတ်ခွဲမှူးများအား ဆုများပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အခမ်းအနားအထိမ်းအမှတ်ပြခန်း များကိုလှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

 

     တီဘီရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ကျန်းမာရေးဗဟုသုတတိုးပွားစေမည့် ပညာပေးပြခန်းများ၊ ကျန်းမာရေးဟောပြောပွဲများ၊ သိလိုရာများကို မေးမြန်းဆွေးနွေးနိုင်မည့် အစီအစဉ်များ၊ ရွေ့လျားဓာတ်မှန်စက်ဖြင့် တီဘီရောဂါ ရှိ/ မရှိ အခမဲ့ ဓာတ်မှန်ရိုက်ပေးခြင်းနှင့် အခမဲ့ သလိပ် စစ်ဆေးခြင်း၊ HIV ပိုး ရှိ/ မရှိ အခမဲ့ စစ်ဆေးပေးခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်ပါသည်။

More Tags