နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့
(၂၀၁၈-၂၀၁၉) ခု၊ ဘဏ္ဍာရေးနှစ် ဆေးနှင့်ဆေးပစ္စည်းဝယ်ယူနိုင်ရေး ရန်ပုံငွေခွဲဝေ လျာထားမှုအတွက် ညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေး၌ ဆေးနှင့်ဆေးပစ္စည်းဝယ်ယူနိုင်ရေး ရန်ပုံငွေခွဲဝေ လျာထား မှုအတွက် ဗဟိုအဆင့်ဆေးရုံကြီးများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှတဆင့် တင်ဒါစနစ်ဖြင့် ဆေးဝါးများ၊ ဆေးပစ္စည်းများ၊ စက်ပစ္စည်းကိရိယာများ ဝယ်ယူမည့်နည်းလမ်းများ၊ အချိန်၊ အကြိမ်အရေအတွက်နှင့် ပတ်သက်သော အစီအစဉ်များ၊ နိုင်ငံတော်သမတ္တရုံး၏ ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)တွင် ပါရှိသော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေး၊ ဆေးနှင့်ဆေးပစ္စည်းရရှိသုံးစွဲမှုနှင့် စပ်လျဉ်း၍ စာရင်းရရှိနိုင်မှုအခြေအနေများ၊ ယခင်အတွေ့အကြုံနှင့် အခက်အခဲများကို ရှင်းလင်းတင်ပြ ဆွေးနွေးကြပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -
• ဆေးနှင့်ဆေးပစ္စည်းများကို တင်ဒါခေါ်ယူ ဝယ်ယူခြင်းမပြုမီ တိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံအသီးသီး၌ ဆေးနှင့်ဆေးပစ္စည်း လက်ကျန်စာရင်းကို သိရှိရန် အလွန် အရေးကြီးကြောင်း၊
• တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တင်ဒါခေါ်၍ ဝယ်ယူသောအခါ၌ ဒေသအလိုက် သင့်လျော်သော ဈေးနှုန်းများဖြင့် ဝယ်ယူနိုင်ရန်အတွက် ဗဟိုမှ ခန့်မှန်း ရည်ညွှန်းတန်ဘိုးများ ပြုစုဖြန့်ဝေပေးစေလိုကြောင်း၊
• ဆေးနှင့်ဆေးပစ္စည်းများ၏ သုံးစွဲမှုနှင့် လက်ကျန်စာရင်းများကို စနစ်တကျမှတ်တမ်းတင်ပြုစုမှုနှင့် သတင်းပို့ အစီရင်ခံနိုင်မှုအခြေအနေကို လေ့လာဆန်းစစ် အကြံပြုတင်ပြနိုင်ရန်အတွက် ဗဟိုမှ ကျွမ်းကျင် ပညာရှင်များက တိုင်းဒေသကြီး/ ပြည်နယ်များသို့ ကွင်းဆင်း ဆောင်ရွက်စေလိုကြောင်း၊
• တန်ဘိုးကြီးမားသော ဆေးနှင့်ဆေးပစ္စည်းများ၊ အသုံးများသောဆေးနှင့်ဆေးပစ္စည်းများကို အဓိကထား၍ ဝယ်ယူသုံးစွဲမှုကို အဓိကလေ့လာ ဆန်းစစ်စေလိုကြောင်း၊
• စက်ပစ္စည်းများကို ဗဟိုမှသာ တာဝန်ယူ ဝယ်ယူကြရန်နှင့် ဖြန့်ဖြူးပေးမည့် ဆေးရုံနှင့် ကျန်းမာရေးဌာနများကိုလည်း ကြိုတင်သတ်မှတ်လျာထားပေးရန်လိုအပ်ကြောင်း၊
• ဘဏ္ဍာငွေများကို အလေအလွင့်မရှိ၊ စနစ်တကျဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဝိုင်းဝန်း ဆွေးနွေးအကြံပြု ဆောင်ရွက်ကြရစေလိုကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ဒေါက်တာသာထွန်းကျော်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။