၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက်ပါဝင်ဆင်နွှဲ

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့

     ၁၈၉၄ ခုနှစ်၊ ဇွန်လ (၂၃) ရက်နေ့မှ စတင်ကာ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီကို စတင်ဖွဲ့စည်းပြီး နှစ်စဉ် ဇွန်လ (၂၃) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ကို ဂုဏ်ပြုသောအားဖြင့် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး ဂုဏ်ပြုကြသောအစဉ်အလာအရ မြန်မာနိုင်ငံ၌လည်း အိုလံပစ်နေ့ အထိမ်းအမှတ်အားကစားလှုပ်ရှားမှုများကို အားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်းကာ အားကစားပြိုင်ပွဲများ၊ စုပေါင်းလမ်းလျှောက်ပွဲများ၊ အားကစားသရုပ်ပြသခြင်းများဖြင့် စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ပါသည်။


 

     အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း အားကစားလှုပ်ရှားမှုများမှတဆင့် ကျန်းမာသန်စွမ်းကြံ့ခိုင်သော ပြည်သူများ ယခုထက်ပိုမိုများပြားစွာ ထွက်ပေါ်လာစေရေးအတွက်လည်းကောင်း ရည်ရွယ်၍ ယနေ့နံနက် (၆) နာရီက ရန်ကုန်မြို့၊ အနောက်မြင်းပြိုင်ကွင်းလမ်း ကျိုက္ကဆံကွင်းဂိတ်အမှတ် (၉) ၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်ပါဝင်ဆင်နွှဲခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်းနှင့် ဒုတိယဥက္ကဌ ဦးလင်းနိုင်မြင့်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များမှ ဥက္ကဌများနှင့် အလုပ်အမှုဆောင်များ၊ ဖိတ်ကြားထားသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှ အားကစားမောင်/မယ်များ၊ အားကစားနည်းပြဆရာများ၊ အခြေခံ ပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ၊ မြန်မာနိုင်ငံ ခြေလျင်တောင်တက်အဖွဲ့ဝင်များ၊ ရန်ကုန်ပညာရေးကောလိပ်မှ သင်တန်းသား/သင်တန်းသူများ၊ ပြည်သူများ စုစုပေါင်းအင်အား (၂၀ဝ၀) ကျော်ခန့် စုပေါင်းလမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲခဲ့ကြသည်။


 

     အစီအစဉ်အရ စုပေါင်းလမ်းလျှောက်ပွဲကို ကျိုက္ကဆံဂိတ်အမှတ် (၉) ရှေ့၌ စတင်တာလွှတ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ သေနတ်ပစ်ဖောက်တာလွှတ်ပေးပြီး စုပေါင်း လမ်းလျှောက်ပွဲကို စတင်ကာ အနောက်မြင်းပြိုင်ကွင်းလမ်းမှတစ်ဆင့် အရှေ့မြင်းပြိုင်ကွင်းလမ်းတစ်လျှောက် လမ်းလျှောက်ကာ တောင်မြင်းပြိုင်ကွင်းလမ်းရှိ ဂိတ်အမှတ် (၆)မှ ကျိုက္ကဆံကွင်းအတွင်းသို့ ပြန်လည် ဝင်ရောက်ပန်းဝင်ကြပြီး အလှူရှင်များမှလည်း အင်အားဖြည့်အချိုရည်နှင့် ရေသန့်များ တိုက်ကျွေးခဲ့ပါသည်။


 

     မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အားကစားအဖွဲ့ချုပ်များမှ သတ်မှတ်ထားသော အားကစားကွင်း/ အားကစားရုံများ၌ အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများအဖြစ် မတ်လ (၂၇) ရက်နေ့မှ ဇူလိုင်လ (၁) ရက်နေ့အထိ အားကစားနည်း (၃၄) မျိုး ကျင်းပပြုလုပ်လျက်ရှိပါသည်။

 

More Tags