(၂၀၁၈)ခုနှစ် ကမ္ဘာ့ဆီးချိုသွေးချိုကာကွယ် ထိန်းသိမ်းရေးနေ့ အကြိုလမ်းလျှောက်ခြင်းနှင့် ကိုယ်ကာယလေ့ကျင့်ခန်းအခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် (၂၀၁၈)ခုနှစ် နိုဝင်ဘာလ (၁၄)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆီးချို သွေးချိုကာကွယ်ထိန်းသိမ်းရေးနေ့ အကြိုလမ်းလျှောက်ခြင်းနှင့် ကိုယ်ကာယလေ့ကျင့်ခန်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ MICC II ခန်းမရှေ့တွင် အခြေပြု၍ ကျင်းပပြုလုပ်ခဲ့ပါသည်။


 

     လမ်းလျှောက်ခြင်းအခမ်းအနားအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E Mr. John Nielsen တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများမှ ဦးဆောင်၍ စုပေါင်းလမ်းလျှောက်ခြင်းနှင့် ကိုယ်ကာယ လေ့ကျင့်ခန်း ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။


 

     အဆိုပါအခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကော်စီ ဥက္ကဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်တော်များ၊ ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ အရာရှိကြီးများ၊ ဆေးရုံအုပ်ကြီးများ၊ အရာထမ်း/ အမှုထမ်းများ၊ ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ Myanmar Diabetes Care Program မှတာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုရေး အသင်းအဖွဲ့များ၊ သတင်းမီဒီယာများနှင့် ပြည်သူလူထု စုစုပေါင်းလူအင်အား (၁၇၀ဝ)ခန့် ပါဝင် ဆင်နွှဲခဲ့ကြပါသည်။


 

     မြန်မာနိုင်ငံတွင် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားမှုနှင့် အဆိုပါ ရောဂါများကြောင့် သေဆုံးမှုများသည် များပြားလျှက်ရှိရာ မကူးစက်နိုင်သော ရောဂါတစ်ခုဖြစ်ပြီး ဖြစ်ပွားမှုများပြားသည့် ဆီးချိုသွေးချို ရောဂါ ဖြစ်ပွားမှုလျော့နည်းစေရန် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများအား ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

     ယနေ့ကျင်းပခဲ့သည့် လမ်းလျှောက်ခြင်းနှင့် ကိုယ်ကာယလေ့ကျင့်ခြင်း အခမ်းအနားအား “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး”ဟူသော ဆောင်ပုဒ်နှင့်အညီ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်း ဆောင်ရွက်ခြင်းကို ပြည်သူလူထုမှ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မကူးစက်နိုင်သောရောဂါများကာကွယ်နှိမ်နင်းရေးဌာနခွဲ၊ ဆီးချိုသွေးချို ကာကွယ်ထိန်းသိမ်းရေးစီမံချက်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ဦးဆောင်၍ အသိပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ကျင်းပရခြင်းဖြစ်ပါသည်။

 

More Tags