(၂၀၁၇) ခုနှစ် ထူးချွန်အခြေခံကျန်းမာရေးဝန်ထမ်းနှင့်ထူးချွန်စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများ လေ့လာရေးခရီးစဉ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာ အပ်နှင်းခြင်းအခမ်းအနားကျင်းပ

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန (၂၀၁၇) ခုနှစ် ထူးချွန် အခြေခံကျန်းမာရေးဝန်ထမ်းနှင့် ထူးချွန်စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများ လေ့လာရေးခရီးစဉ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာအပ်နှင်းခြင်းအခမ်းအနားအား မတ်လ(၂၁)ရက်နေ့ နံနက်(၈)နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။

 
 

 

     ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ပြောကြားရာတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပူးပေါင်းပါဝင်ခဲ့သော ထူးချွန်အခြေခံကျန်းမာရေးဝန်ထမ်းများနှင့် ထူးချွန်စေတနာ့ဝန်ထမ်းကျန်းမာရေး လုပ်သားများကို မွန်ပြည်နယ်ရှိ ရေ၊ မြေ၊ တောတောင် သဘာဝအလှများ၊ ယဉ်ကျေးမှုအနုပညာလက်ရာများ၊ ဘုရားပုထိုးစေတီများရှိသော ဒေသသို့ လာရောက်သော လေ့လာရေးခရီးကို လှိုက်လဲစွာ ကြိုဆို ပါကြောင်း ပြောကြားသည်။

     ယင်းနောက်ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာတွင် မြန်မာနိုင်ငံရှိလူဦးရေ၏ (၇၀)ရာခိုင်နှုန်းသော ပြည်သူများသည် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး ကျန်းမာရေးအတွက် ကျေးလက် ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများမှ ကျန်းမာရေးစောင့် ရှောက်မှုပေးနေပါကြောင်း၊ အခြေခံကျန်းမာရေးဝန်ထမ်းများသည် ပြည်သူလူထုအား ကျန်းမာရေးအသိပညာမြှင့်တင်ပေးပြီး ပြည်သူ များမိမိကိုယ် မိမိပိုမိုကျန်းမာအောင်

 

စောင့်ရှောက်နေထိုင်လာတတ်စေရန်နှင့် မိမိတို့ဒေသအလိုက် ဖြစ်ပွားသောရောဂါများကို ကာကွယ်ရန် မည်ကဲ့သို့နေထိုင် စားသောက်ရမည့်ဟုသိရှိရန်၊ ရောဂါဖြစ်ပွားမှုရှိနေပါကလည်း ရောဂါကို အမြန် ပျောက်ကင်းအောင် (သို့မဟုတ်) နောက်ဆက်တွဲ ဆိုးကျိုးများခံစားရခြင်း မရှိအောင် မည်သို့ ကုသမှုခံယူရမည် နေထိုင်စားသောက်ရမည် စသည်တို့ကိုသိရှိရန် လိုအပ်ပါကြောင်း၊ ဤသို့ပြုလုပ်ခြင်းအားဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအသိပညာ တိုးတက်လာပြီး ရောဂါဖြစ်ပွားမှုများလည်း လျော့ကျ၍ ဆေးရုံများတွင်လည်း တက်ရောက် လူနာ နည်းပါးလာမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေး အဆင့်အတန်းလည်း တိုးတက်မြင့်မားလာစေမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဦးစားပေး လုပ်ငန်းများအဖြစ် ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်း၊ သူနာပြုသားဖွားကဏ္ဍတိုးတက်ရေးတို့ကို ဆောင်ရွက်နေသည့်အပြင် မြန်မာနိုင်ငံ အဏုအာဟာရနှင့် အစာစားသုံးမှုအခြေအနေစစ်တမ်းများကောက်၍ နိုင်ငံသားများ အာဟာရပြည့်ဝ မျှတစွာ စားသုံး တတ်သောဓလေ့များဖြစ်ထွန်း၍ တိုးတက် မြင့်မားလာအောင် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

     အခြေခံကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးများကို တိုးတက်စေရန် ခေတ်နှင့်အညီတိုးတက်လာသော ဆေးပညာဗဟုသုတများကို လိုအပ်သလိုတည်းဖြတ်ဖြည့်စွက်၍ အခြေခံကျန်းမာရေးဝန်ထမ်း လက်စွဲစာအုပ်များကို ဖြန့်ဝေသွားရန် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သားဖွားဆရာမများ၏ အရည်အသွေးမြင့်မားလာစေရန် သင်တန်းကျောင်းများတွင် သင်ရိုးညွန်းတမ်း များကို ရေးဆွဲပြီးဖြစ်ပါကြောင်း၊ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးများပူးပေါင်းဆောင်ရွက်နိုင်စေရန် ဝန်ကြီးဌာနမှ ဆက်သွယ်အသိပေး၍ ဝိုင်းဝန်းဆောင်ရွက်မှုဖြင့် အမျိုးသားကျန်းမာရေးစီမံကိန်းများကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့သည်။

 

 

     ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးထိန်လင်း၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဝင်းတို့က ထူးချွန်အခြေခံ ကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

 

     အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ကုသရေးဦးစီးဌာနမှူးနှင့် ပြည်သူ့ ဆေးရုံကြီးမှ အထူးကုဆရာဝန်များ၊ သူနာပြုများ၊ ဖိတ်ကြားထားသူများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ထူးချွန်အခြေခံကျန်းမာရေးဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သား (၂၀၂) ဦး တက်ရောက်ခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနများသို့ သွားရောက်၍ ဒေသမှ ကျန်းမာရေးဝန်ထမ်းများနှင့် အတွေ့အကြုံများ ဖလှယ်ကြမည်ဖြစ်ပြီး ညနေပိုင်းတွင် မွန်ပြည်နယ် အားကစားနှင့်ကာယသိပ္ပံ ကျောင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စီမံချက်တာဝန်ရှိသူများနှင့် ထူးချွန်အခြေခံကျန်းမာရေးဝန်ထမ်းများ လုပ်ငန်း အတွေ့အကြုံ ဆွေးနွေးခဲ့ကြပြီး မွန်ပြည်နယ်အတွင်း မတ်လ (၂၀)ရက်မှ (၂၅)ရက်နေ့ အထိ လေ့လာရေးခရီးများ သွားရောက်ကြမည်ဖြစ်သည်။

 

 

     ထို့နောက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးအစည်းအဝေးခန်းမတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ပြည်နယ်ကုသရေးဦးစီးဌာနမှူး နှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

More Tags