၂၀၁၇ ခုနှစ် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

               ''ယခုလည်းလှူ၊ နောင်လည်းလှူ၊ သွေးလှူပါကကုသိုလ်ရ'' (What can you do ? Give Blood , Give Now, Give Often ) ဆောင်ပုဒ်ဖြင့်ကျင်းပသော ၂၀၁၇ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သူနာပြုတက္ကသိုလ်-ရန်ကုန်၌ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက် အမှာစကားပြောကြားသည်။


 

           ပြည်ထောင်စုဝန်ကြီးကပြောကြားရာတွင် မိမိခန္ဓာကိုယ်မှဖြစ်သော သွေးဖြင့် လူနာများ၏ အသက်ကို ကယ်တင်ပေးနိုင်သည်ဆိုသည်မှာ ကြီးမားသော စွန့်လွှတ်အနစ်နာခံခြင်းတမျိုးဖြစ်ပါကြောင်း၊ ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရန် သွေးသွင်းကုသရေးလုပ်ငန်းသည် အလွန်အရေးပါသည်ဖြစ်ပါကြောင်း၊ လူနာများကို သွေးသွင်းကုသရာတွင် သွေးကိုအချိန်မီရရှိနိုင်ခြင်း၊ အန္တရာယ်ကင်းရှင်း သည့်သွေးဖြစ်ခြင်း စသည့်အချက်များသည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ ထိုသို့ရရှိနိုင်ရန် ဆောင်ရွက်ပေးသော သွေးလှူဘဏ်ဝန်ထမ်းများနှင့်သက်ဆိုင်ရာဝန်ထမ်းများအားလုံးကိုလည်း အထူးကျေးဇူးတင် ဂုဏ်ပြုပါကြောင်း၊ သွေးသွင်းကုသခြင်းစနစ် ပိုမိုကောင်းမွန်စေရေးနှင့် သွေးလှူရှင်များအတွက် လုံလောက်သည့် ထောက်ပံ့မှုများရရှိနိုင်ရေးတို့အတွက်လည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ သွေးလှူဒါန်းမှုနှင့် ပတ်သက်၍ ပြည်သူလူထုတစ်ရပ်လုံး သိရှိစေရန်အတွက် ယခုအခမ်းအနားများကို ပြည်နယ် တိုင်းဒေသကြီးများတွင်လည်း ကျင်းပသွားစေလိုပါကြောင်း၊ မီဒီယာများအနေဖြင့်လည်း သွေးလှူရှင်များ ပိုမိုများပြားစွာပေါ်ပေါက်လာစေရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ယခုနှစ် ကမ္ဘာ့သွေးလှူရှင်များနေ့ ဆောင်ပုဒ်မှာ ''ယခုလည်းလှူ၊ နောင်လည်းလှူ၊ သွေးလှူပါက ကုသိုလ်ရ'' ဖြစ်ရာ အရေးကြုံသောအခါမှ လာရောက်လှူဒါန်းမှုမျိုးမဟုတ်ပဲ သွေးလှူရှင်များအနေဖြင့် ယခုလည်းလှူပါ၊ နောင်လည်းလှူပါ၊ စဉ်ဆက်မပြတ် လှူဒါန်းကြပါဟူ၍ လူနာများ၏ အသက်ကို ကယ်တင်နိုင်ရေးအတွက် လှုံ့ဆော်ထားခြင်းပင်ဖြစ်ပါကြောင်း သွေးလှူရှင်များအနေဖြင့်လည်း သွေးလှူလိုက်ရသည့်အတွက် မိမိတွင်ဖြစ်ပေါ်ခံစားရသည့် ကုသိုလ်ပီတိကို မိမိ၏မိတ်ဆွေ၊ သူငယ်ချင်း များကို မျှဝေပြောကြားခြင်းဖြင့် မိမိကဲ့သို့ သွေးလှူရှင်များပေါ်ထွက်လာစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်းနှင့် စေတနာသွေးလှူရှင်များကိုလည်း အထူး၊ ဂုဏ်ယူ၊ ဝမ်းမြောက်စွာ အကြိမ်ကြိမ်လေးစားပါကြောင်းဖြင့် ပြောကြားခဲ့သည်။


 

                ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌပါမောက္ခ ဒေါက်တာဒေါ်မြသူနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost တို့က ကျေးဇူးတင်စကားများ ပြောကြားကြသည်။


 

          ထို့နောက် သွေးလှူဒါန်းရန် ကြိုတင်စာရင်းပေးနိုင်သော Website မိတ်ဆက်ခြင်းကို အခမ်းအနားမှူးကလည်းကောင်း၊ သွေးလှူရှင်များ၏ ထောက်ပံ့မှုအရေးပါပုံများကို အမျိုးသားသွေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်ကလည်းကောင်း ရှင်းလင်းတင်ပြကြပြီး သွေးလှူရှင်များကိုယ်စား အကြိမ် (၁၂၂)ကြိမ်မြောက် သွေးလှူရှင်ဖြစ်သူ မြင်းမူဆရာတော်ကြီးက ကျေးဇူးတင် စကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးသည် တက်ရောက်လာသူများနှင့် သွေးလှူရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါသည်။


 

             ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့မကျောင်းလမ်းရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာခေမာမြနှင့် ပါမောက္ခ/ ဌာနမှူးများ၊ သင်ကြား/စီမံတာဝန်ရှိသူများအားတွေ့ဆုံကာ ဘွဲ့လွန်ဆေးရုံအုပ်ချုပ်မှုပညာ သင်ရိုးညွှန်းတမ်းများ၊ ဘွဲ့လွန် ပြည်သူ့ကျန်းမာရေးဆေးပညာသင်ရိုးညွှန်းတမ်းများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေး ခဲ့ပါသည်။


 

               ပြည်ထောင်စုဝန်ကြီးသည် ဇွန်လ(၁၇)ရက်နေ့ ညနေပိုင်းတွင်လည်း ဗဟန်းမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဧည့်ရိပ်သာတွင် အစ္စရေးနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာနဗျူရိုဥက္ကဌနှင့် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ MASHAV ၏ ဒုတိယဥက္ကဌ Mr. Yuval Fuchs အား တွေ့ဆုံကာနှစ်နိုင်ငံ ကျန်းမာရေးနှင့်အားကစားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုဆွေးနွေးခဲ့ပါသည်၊၊ အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ကြီး HE Mr. Daniel Zonshine နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


 

           

More Tags