(၂၀၁၇) ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

     (၂၀၁၇) ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို မတ်လ(၂၄)ရက်နေ့ နံနက်(၉) နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တက်ရောက် အမှာစကားပြောကြားသည်။

 

     အမြဲတမ်းအတွင်းဝန်က ပြောကြားရာတွင် တီဘီရောဂါသည် ကမ္ဘာပေါ်၌ ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ် တည်ရှိနေဆဲဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံမှာ တီဘီပိုး ကူးစက်ခံထားရပါကြောင်း၊ နှစ်စဉ်ကမ္ဘာပေါ်တွင် တီဘီလူနာ (၁၀.၄ )သန်းခန့် ဖြစ်ပွားပြီး (၁.၈)သန်းခန့် သေဆုံးလျက်ရှိပါကြောင်း၊ တီဘီရောဂါဖြစ်ပွားသူများ၏ (၈၀%)သည် အသက်(၁၅)နှစ်မှ (၅၄)နှစ်အရွယ်တွင်အဖြစ်များသဖြင့် တိုင်းပြည်၏ကုန်ထုတ်စွမ်းအား အပေးနိုင်ဆုံးအုပ်စုတွင် ဖြစ်ပွားနေသည်ကို တွေ့ရှိရပါ ကြောင်း၊

     မြန်မာနိုင်ငံတွင်လည်း တီဘီ၊ တီဘီ/ အိပ်ချ်အိုင်ဗွီနှင့် ဆေးယဉ်ပါးတီဘီရောဂါများသည် ပြည်သူ့ ကျန်းမာရေးပြဿနာအဖြစ် တည်ရှိနေဆဲဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် (၂၀၁၆) ခုနှစ် နှစ်ချုပ် အစီရင်ခံ စာအရ စုစုပေါင်းတီဘီလူနာ တစ်သိန်းလေးသောင်းခန့်ကို ရှာဖွေကုသ ပေးနိုင်ခဲ့ပါကြောင်း၊ (၂၀၁၂- ၂၀၁၃)ခုနှစ် တတိယအကြိမ် ဆေးယဉ်ပါးတီဘီ စစ်တမ်းအရ တီဘီလူနာသစ်များ၏ (၅%)တွင် ဆေးယဉ်ပါး တီဘီဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ကမ္ဘာ့တီဘီရည်မှန်းချက် (၂၀၃၅)ကို ပြည့်မီနိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသော End TB Strategy ကို အခြေခံ၍ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး (၅)နှစ်စီမံကိန်း National Strategic Plan (2016-2020) ကိုရေးဆွဲခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

 

     ဆေးယဉ်ပါးတီဘီလူနာများကို (၂၀၁၆)ခုနှစ်၌ မြို့နယ်အားလုံးတွင် ရောဂါရှာဖွေဆေး ကုသမှု ခံယူနိုင်အောင် စီစဉ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ (၂၀၁၃)ခုနှစ်အတွင်းကုသခဲ့သော ဆေးယဉ်ပါး တီဘီလူနာများ၏ ဆေးကုသမှုအောင်မြင်နှုန်းမှာ (၈၃%)အထိအောင်မြင်မှုရရှိခဲ့ပါကြောင်း၊ ကမ္ဘာ့ရန်ပုံငွေ အဖွဲ့(Global Fund) နှင့် ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် သုံးမျိုး(3MDG) ရန်ပုံငွေ များဖြင့် ဆေးယဉ်ပါးတီဘီလူနာများအားကို အာဟာရထောက်ပံ့ခြင်း၊ ခရီးစရိတ်ထောက်ပံ့ခြင်းများနှင့် ဓါတ်ခွဲ စစ်ဆေးမှုများအတွက် ကုန်ကျစရိတ် ထောက်ပံ့ခြင်းတို့ကို ဆေးကုသမှုကာလ လပေါင်း (၂၀) အတွင်း ရရှိအောင် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊

     ဆေးယဉ်ပါးတီဘီရောဂါရှာဖွေခြင်းကို လူနာများလက်လှမ်းမီစေရန်အတွက် လက်ရှိ အချိန်တွင် ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များတွင် ဇီဝလုံခြုံမှုအဆင့်(၃)ရှိ တီဘီ ဓါတ်ခွဲ ခန်းများဖြင့် ဆောင်ရွက် လျက်ရှိပြီး (၂၀၁၆-၂၀၁၇)ဘဏ္ဍာနှစ်တွင် မော်လမြိုင်မြို့၌ တိုးချဲ့ ဆောင်ရွက်သွားရန် စီစဉ်လျက် ရှိပါကြောင်း၊ လူဦးရေ (၅၁.၄)သန်းရှိသည့် မြန်မာနိုင်ငံတွင် နှစ်စဉ်တီဘီလူနာသစ် နှစ်သိန်းခန့်ဖြစ်ပွားနေ သည်ဟု ခန်းမှန်းထားရာ (၂၀၁၆)ခုနှစ်တွင် တီဘီလူနာ တစ်သိန်းခွဲခန့်သာ ရောဂါရှာဖွေကုသမှုပေးနိုင်ခဲ့ ပါကြောင်း၊ ထို့ကြောင့် တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

     တီဘီရောဂါကာကွယ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနနှင့်အတူ နှီးနွယ်ဝန်ကြီးဌာနများ၊ ပြည်တွင်း၊ပြည်ပ လူမှုရေးအဖွဲ့ အစည်းများနှင့်အတူ ပြည်သူလူထု တစ်ရပ်လုံးပူပေါင်းဆောင်ရွက်ကြမှသာ ကမ္ဘာ့တီဘီ ရည်မှန်းချက်ဖြစ်သည့် (၂၀၃၅) ခုနှစ်တွင် တီဘီရောဂါ အမှန်တကယ်ကင်းဝေးသွားမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

 

     ယင်းနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး၏ သဝဏ်လွှာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က ဖတ်ကြားခဲ့ပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဧည့်သည်တော်များသည် ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြခန်းငယ်ကို ကြည့်ရှုအားပေးကြသည်။

 

     (၂၀၁၇) ခုနှစ် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်မှာ ''Unite to End TB'' ဖြစ်ပြီး ''တီဘီရောဂါကင်း‌ဝေးဖို့၊ အားလုံးပူးပေါင်းဆောင်ရွက်စို့'' ဟု မြန်မာမှုပြုထားရာ တီဘီရောဂါတိုက်ဖျက်ရေးဝန်ထမ်းများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများသည် စေတနာ့ဝန်ထမ်းကျန်းမာရေးလုပ်သားများ၊ ပြည်တွင်း/ပြည်ပ အစိုးရ မဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ အလှူရှင်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ နယ်စပ်ဒေသများအပါအဝင် ကျေးလက်ဒေသ အောက်ခြေအထိ ရောဂါရှာဖွေ ကုသမှုပေးနိုင်ရန် တိုက်တွန်းခြင်းဖြစ်သည်။

More Tags