(၂၀) ကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများ သက်တမ်းအလိုက် စစ်တုရင် ပြိုင်ပွဲ (20th ASEAN+ Age-Group Chess Championship - 2019) သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်းရှိ မိုးလုံလေလုံဘက်စုံအားကစားရုံ၌ မြန်မာနိုင်ငံ မှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် (၂၀) ကြိမ်မြောက် အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများ သက်တမ်းအလိုက် စစ်တုရင်ပြိုင်ပွဲ (20th ASEAN+ Age-Group Chess Championship - 2019) ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

 

     ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံကို အလေးပြု၍ အခမ်းအနားကို စတင်ခဲ့ပါသည်။

 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -

• (၁၉၈၈) ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်သည် ဝန်ကြီးဌာန၏ ပံ့ပိုးမှုဖြင့် ပြည်တွင်းပြိုင်ပွဲများအပြင် အာဆီယံနှင့် နိုင်ငံတကာ ပြိုင်ပွဲများ ကျင်းပနိုင်ခဲ့ပြီး စစ်တုရင်အားကစားကို ပိုမိုတိုးတက်ဖွံ့ဖြိုးရေးနှင့် ပြည်သူများ ပိုမိုစိတ်ဝင်စား လေ့ကျင့်ကစားနိုင်ရေး ဆောင်ရွက်ခဲ့သည်ကို တွေ့ရပါကြောင်း၊

• ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ် (Federation Internationale des Echecs - FIDE) အသိအမှတ်ပြု စစ်တုရင် ဒိုင်လူကြီးများ နှီးနှော ဖလှယ်ပွဲများ (၂၀၁၁) ခုနှစ်တွင် ရန်ကုန်မြို့၌လည်းကောင်း၊ (၂၀၁၆) ခုနှစ်တွင် မန္တလေးမြို့၌ လည်းကောင်း၊ (FIDE) ဒိုင်သင်တန်းနည်းပြဆရာများ နှီးနှောဖလှယ်ပွဲကိုလည်း (၂၀၁၂) ခုနှစ်တွင် ရန်ကုန်မြို့၌ လည်းကောင်း အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနိုင်ခဲ့ပါကြောင်း၊

• (FIDE) အသိအမှတ်ပြု ဒိုင်လူကြီးများနှင့် ဒိုင်နည်းပြသင်တန်း ဆရာများ နှီးနှောဖလှယ်ပွဲကိုလည်း ယခုပြိုင်ပွဲကြီးနှင့် တစ်ပါတည်း ပြုလုပ်သွားမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ စစ်တုရင်ဒိုင်လူကြီးနှင့် ဒိုင်နည်းပြသင်တန်းဆရာများအတွက် အထူးအကျိုးများစေမည်ဖြစ်ပါကြောင်း၊

• ယခုပြိုင်ပွဲကြီးတွင် နိုင်ငံပေါင်း (၉) နိုင်ငံမှ အားကစားသမားပေါင်း (၄၃၀) ဦးမှ သက်တမ်းအလိုက် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အားကစားသမားအနေဖြင့် အားကစားသမား စိတ်ဓာတ်ပြည့်ဝစွာဖြင့် ဆုတံဆိပ်များသာမက (FIDE) မှ Grandmaster အဆင့် သတ်မှတ်မှုအပါအဝင် နိုင်ငံတကာ အဆင့်သတ်မှတ်မှုများ ရရှိဆွတ်ခူးနိုင်ရေး အကောင်းဆုံး ယှဉ်ပြိုင်သွားကြမည်ဖြစ်ပါကြောင်း၊

 

• စစ်တုရင်အားကစားသည် လေ့ကျင့်ကစားသူ၏ တီထွင်ဆန်းသစ်တွေးခေါ်နိုင်မှု၊ အာရုံစူးစိုက် ဆောင်ရွက်နိုင်မှုနှင့် ပြဿနာကို ဘက်ပေါင်းစုံမှ တည်ငြိမ်စွာ ဖြေရှင်းနိုင်မှုစသည့် စွမ်းရည်များကို ရရှိနိုင်ပြီး စိတ်ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုလည်း ကောင်းမွန်စေပါကြောင်း၊ အဆိုပါစွမ်းရည် များသည် လူ့ပတ်ဝန်းကျင်လောကတွင် သဟဇာတမျှတစွာ နေထိုင်နိုင်ရန် အရေးကြီးပါကြောင်း၊

• ယခုပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံမှ အားကစားသမားများအတွက်လည်း နိုင်ငံကို ကိုယ်စားပြု၍ မိမိတို့၏ စွမ်းဆောင်ရည်များကို ပြသနိုင်မည်ဖြစ်ပါကြောင်း၊

• နိုင်ငံအသီးသီးမှ စစ်တုရင်အားကစားသမားများအနေဖြင့် (FIDE) ၏ ဆောင်ပုဒ်ဖြစ်သော “မိမိတို့အားလုံးသည် တစ်ဦးတည်းပမာပင်ဖြစ်သည်” နှင့် အညီ ချစ်ကြည်ရင်းနှီးမှုကွန်ရက်ကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စစ်တုရင် ပထမရွှေ့ကွက်ရွှေ့၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေး ခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အာဆီယံစစ်တုရင်အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် စစ်တုရင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပါသည်။

 

     အဆိုပါ ပြိုင်ပွဲကို ဇွန်လ (၉) ရက်နေ့မှ (၁၉) ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စစ်တုရင်အားကစားသမား (၁၉၃) ဦး၊ ဗီယက်နမ်၊ ထိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ မွန်ဂိုလီးယား၊ မလေးရှား၊ အိန္ဒိယနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ စစ်တုရင်အားကစားသမား (၂၃၇) ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပါသည်။

More Tags