၂ဝ၁၉ ခုနှစ်၊ (၇၂)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် Myanmar Union Day Peace Run (၅)ကီလိုမီတာ အပြေးပြိုင်ပွဲကျင်းပ၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ကြည့်ရှုအားပေး

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်

     ၂ဝ၁၉ ခုနှစ်၊ (၇၂)ကြိမ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် Myanmar Union Day Peace Run (၅)ကီလိုမီတာအပြေးပြိုင်ပွဲများကို နိုင်ငံတစ်ဝှမ်းလုံးရှိ မြို့ကြီးများတွင် ကျင်းပ ပြုလုပ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ မိဘပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ စုပေါင်းအပြေးပြိုင်ပွဲကို ယနေ့နံနက်  (၅:၃ဝ)နာရီ အချိန် ဥပ္ပါတသန္တိ ဘုရားဝင်းရှေ့၌ ကျင်းပပြုလုပ်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ Myanmar Distribution Group, Managing Director ဦးအောင်မော်သိန်း၊ Coporate Nutrition Manager, Nestle Myanmar Ltd ဒေါက်တာဆုနွယ်ဇော်နှင့် တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းပေါင်းစုံမှ ကျောင်းသား(၆ဝဝ)ဦး၊ ကျောင်းသူ(၁ဝဝ)ဦး စုစုပေါင်း အင်အား (၇ဝဝ)ဦး တက်ရောက်ကြပါသည်။

 

     အဆိုပါ(၅)ကီလိုမီတာ မီနီမာရသွန်ပြိုင်ပွဲကို အမျိုးသား/အမျိုးသမီး(၂) သုတ်ခွဲ၍ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့ရာ ဥပ္ပါတသန္တိဘုရားဝင်း အရှေ့မှ ရာဇဌာနီလမ်းအတိုင်း နေပြည်တော်ကောင်စီလမ်းလယ်ကျွန်းမှ ပြန်လှည့်၍ ဥပ္ပါတသန္တိ ဘုရားဝင်းအရှေ့ တာလွှတ်သည့်နေရာမှာပင် ပန်းဝင်ခဲ့သည်။

 

       ထို့နောက်    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသော ကျောနံပါတ်(ဝ၅၉) ဇော်မင်းထွန်းအား လည်းကောင်း၊  နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက ဒုတိယဆုရရှိသော ကျောနံပါတ် (၁၁၅) စည်သူအောင် အားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က တတိယဆုရရှိသော ကျောနံပါတ် (ဝဝ၉) သန်းမိုးအောင်အား လည်းကောင်း၊

 

    ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဦးက အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသော ကျောနံပါတ်(၅၁၆) ယုယုလှိုင်အား လည်းကောင်း၊  Myanmar Distribution Group, Managing Director ဦးအောင်မော်သိန်းက ဒုတိယဆုရရှိသော ကျောနံပါတ် (၅၅၂) သန္တာမိုးအားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးက တတိယဆုရရှိသော ကျောနံပါတ် (၅၆၄) မယဉ်ယဉ်ခိုင်တို့အား လည်ဆွဲပြား၊ ငွေသားနှင့် ဆုတံဆိပ်များကို ချီးမြှင့်ခဲ့ပါသည်။

 

       ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဇော်ထွန်းက စတုတ္ထမှ ဒသမအထိ ဆုရရှိသူ အမျိုးသားများအားလည်းကောင်း၊ တက်ရောက်လာကြသော တာဝန်ရှိပုဂ္ဂိုလ်များက အဆင့်(၁၁)မှ (၁ဝဝ)အထိ ဆုရရှိသူ အမျိုးသား/အမျိုးသမီးများအားလည်းကောင်း ဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။

 
 

More Tags