(၁၀) ကြိမ်မြောက် Health Cluster Meeting ကျင်းပ

     နိုင်ငံအတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ဘေးအန္တရာယ်ကျရောက်ခဲ့သောဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်း လုပ်ငန်းကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် လူထုအားပြန်လည်လက်ခံခြင်းနှင့် နေရာချထားခြင်းများ၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်စေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးရန် (၁၀) ကြိမ်မြောက် Health Cluster Meeting ကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


 

     အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရခိုင်ပြည်နယ်တွင်းနေထိုင်သူများအားလုံးနှင့် ပြန်လည်လက်ခံရေးစခန်းများတွင် ဆေးပညာကျင့်ဝတ်အရ ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူထား၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စီမံချက်အသွင်ဖြင့် ဆောင်ရွက်ရန် စီမံချက်များရေးဆွဲပြီးဖြစ်၍ ဆောင်ရွက်ရန်အသင့်ဖြစ်ပါကြောင်း၊ လတ်တလောတွင် ရွေ့လျားဆေးခန်းများနှင့် ကျန်းမာရေး စောင့်ရှောက်ပေးခြင်းသည် အလွန်ကောင်းမွန်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် မိမိတို့ဆောင်ရွက်သည့်လုပ်ငန်းများ၊ သတင်းအချက်အလက်စီးဆင်းမှု၊ ကုန်ကျစရိတ်နှင့် သင့်တော်သော ရလဒ်ရရှိမှုအခြေအနေ စသည်တို့အား မိမိတို့ကိုယ်တိုင် ပြန်လည်သုံးသပ်ဆန်းစစ်ခြင်းဆောင်ရွက်၍ လုပ်ငန်းများကို ပိုမိုထိရောက်စေရေး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း ပြောကြားပါသည်။



 


      ဆက်လက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က ၂၀၁၈ ခုနှစ်အတွင်း ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (သဘာဝဘေးနှင့် အရေးပေါ်) က ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ပြည်သူတို့၏ ကျန်းမာရေးအဆင့်အတန်းကို ယခုထက် ပိုမိုမြင့်မားလာရေးနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ကာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်ကိစ္စရပ်များနှင့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ပြီးနောက် အစည်းအဝေးတက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

     အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဗဟိုမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ တာဝန်ရှိသူများ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း (၁၂)ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ပါသည်။

More Tags