အရိုးရောဂါနှင့် ထိခိုက်ဒဏ်ရာပြုစုကုသမှုဆေးပညာရပ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရိုးရောဂါပညာ ပါမောက္ခများက ပြည်ထောင်စုဝန်ကြီးထံ တင်ပြ

ရန်ကုန်၊ (၂၀၁၈) ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် မြန်မာနိုင်ငံ၌ ထိခိုက်ဒဏ်ရာရရှိမှု များပြားလျက်ရှိသည့်အလျောက် အရိုးကျိုးခြင်း အပါအဝင် အရိုးနှင့်ပတ်သက်သောရောဂါများ ဖြစ်ပွားမှုများပြားလျက်ရှိသည့် ကိစ္စနှင့်ပတ်သက်၍ အရိုးရောဂါပညာဌာန၊ ပါမောက္ခ/ဌာနမှူး (ငြိမ်း) ပါမောက္ခဒေါက်တာမြင့်သောင်း၊ အရိုးရောဂါပညာဌာန ပါမောက္ခ/ဌာနမှူး (ငြိမ်း) ဒေါက်တာခင်မောင်ထူး၊ ဆေးတက္ကသိုလ် (၁)၊ အရိုးရောဂါပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာခင်မောင်မြင့်နှင့် ဆေးတက္ကသိုလ် (မန္တလေး)၊ အရိုးရောဂါပညာဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာမောင်မောင်ထွေးတို့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ (၂၀၁၈) ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် တွေ့ဆုံခဲ့ပါသည်။


 

     ထိုသို့တွေ့ဆုံရာတွင် အရိုးရောဂါပညာ ပါမောက္ခ/ဌာနမှူးများက အရိုးရောဂါနှင့် ထိခိုက်ဒဏ်ရာပြုစုကုသမှု ဆေးပညာရပ်ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို တင်ပြခဲ့ကြရာတွင်-

• မြန်မာနိုင်ငံတွင် ထိခိုက်ဒဏ်ရာပြုစုကုသမှုအတွက် လမ်းပြမြေပုံ (A roadmap for trauma care in Myanmar) ကို ထိခိုက်ဒဏ်ရာ ကာကွယ်ခြင်း (injury prevention)၊ ဆေးရုံမရောက်မီနှင့် ရောက်ရှိပြီးအရေးပေါ်ကုသခြင်း (pre-hospital and facility-based emergency care)၊ ဆေးရုံတွင်ကုသမှုနှင့် ပြန်လည်ကြံ့ခိုင်သန်စွမ်းရေး ဆောင်ရွက်ခြင်း (Facility-based definite care and rehabilitation) စသည့်အဓိကရည်မှန်းချက်များအောင်မြင်စေရန်အတွက် ရေးဆွဲခဲ့ပြီး လမ်းပြမြေပုံကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ဆောင်လျက်ရှိသော ကိစ္စရပ်များ၊

• အဆိုပါ လမ်းပြမြေပုံ (Road map) အရ အရိုးရောဂါနှင့် ထိခိုက်ဒဏ်ရာပြုစုကုသမှု ဆေးပညာရပ်အတွက် လမ်းညွှန်ပြသမှုပေးနိုင်ရန်၊ သုတေသနလုပ်ငန်းများလုပ်ဆောင်နိုင်ရန်နှင့် သင်ကြားလေ့ကျင့်မှုများ ပြုလုပ်သွားနိုင်ရန်အတွက် Center of Excellence for Trauma and Orthopedic Care တစ်ခုအား ရန်ကုန်မြို့တွင် တည်ထောင်သွားရန်၊ ဆက်လက်၍ မန္တလေးမြို့နှင့် အခြားနေရာများတွင်လည်း Center of Excellence များ တည်ထောင်သွားရန်နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေးပြည်သူ့ဆေးရုံကြီးတို့တွင် နိုင်ငံတကာ အသိအမှတ်ပြု (Internationally recognized level of categorization) အရ Level (1) Trauma Care Center အဖြစ် တည်ထောင်သွားရန် ကိစ္စရပ်များနှင့်

• ပြည်သူလူထုအတွက်အရိုးရောဂါနှင့် ထိခိုက်ဒဏ်ရာပြုစုကုသမှု ပိုမိုထိရောက်စွာ ပေးနိုင်ရန်အတွက် Cluster Management ဖြင့် အချက်အခြာကျသောနေရာဒေသများရှိ ဆေးရုံများတွင် လူအင်အား၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာတို့ကို ဖြည့်ဆည်းဆောင်ရွက်သွားရန် စသည့်ကိစ္စရပ်များအား လက်ရှိအရိုးရောဂါနှင့် ထိခိုက်ဒဏ်ရာကုဆေးပညာရပ်တို့တွင် ဆောင်ရွက်နေမှုများ၊ တိုးတက်မှုများနှင့်တကွ powerpoint presentation များဖြင့် တင်ပြရှင်းလင်းခဲ့ကြပါသည်။


 

     ပြည်ထောင်စုဝန်ကြီးက -

• အရိုးရောဂါနှင့် ထိခိုက်ဒဏ်ရာကုဆေးပညာရပ်တို့တွင် မြင်သာထင်သာသော တိုးတက်မှုများကို တွေ့မြင်နေရသဖြင့် အားရကျေနပ်မှုရှိကြောင်း၊

• နိုင်ငံတကာမှ သင်ကြားလာသောပညာရပ်များ၊ ရရှိလာသောအတွေ့အကြုံများကို လက်တွေ့အသုံးချ၍ ပညာရပ် ပိုမိုတိုးတက်ဖွံ့ဖြိုးရေးကို ဆက်လက်အားထုတ်ကြိုးပမ်းစေလိုကြောင်းနှင့်

• ဝန်ကြီးဌာနအနေဖြင့် အရိုးရောဂါနှင့် ထိခိုက်ဒဏ်ရာကုဆေးပညာရပ် တိုးတက်ဖွံ့ဖြိုးရေးအတွက် Center of Excellence of Trauma and Orthopedic Care တည်ထောင်မည့်ကိစ္စရပ်ကို ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အရိုးနှင့် ထိခိုက်ဒဏ်ရာကုသဆောင်သို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော လူနာများအား ကြည့်ရှုအားပေးခဲ့ပါသည်။

More Tags