အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်နှင့်အဖွဲ့က ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြ

နေပြည်တော်၊ (၂၀၁၈) ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့

      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအား ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးနှင့် ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ အရေးပေါ်ကုသမှု ဆေးပညာဌာနမှ ဌာနမှူး ပါမောက္ခဒေါက်တာမော်မော်ဦး၊ နေပြည်တော်၊ ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ကုသမှုဆေးပညာဌာနမှ အထူးကုဆရာဝန် ဒေါက်တာသန်းလတ်အောင်၊ လက်ထောက် ညွှန်ကြားရေးမှူး (သဘာဝဘေး) ဒေါက်တာစုစုလှိုင်တို့က (၂၁-၆-၂၀၁၈) ရက်နေ့၊ နံနက် (၈:၃၀) အချိန်တွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်း၌ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပိုမိုတိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်မည့်အစီအစဉ်များကို လာရောက်ရှင်းလင်းတင်ပြခဲ့ပါသည်။


 

     အဆိုပါတွေ့ဆုံရှင်းလင်းတင်ပြပွဲတွင် ပါမောက္ခဒေါက်တာဇော်ဝေစိုးက ဘေးအန္တရာယ်ဖြစ်စဉ်များနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေများတွင် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား စနစ်တကျဆောင်ရွက်နိုင်ရန် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခု ပိုမိုပီပြင်စွာ ထွက်ပေါ်လာစေရေးအတွက် ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများ၊ Emergency Medical Technician သင်တန်းကျောင်း တည်ထောင်ရေးကိစ္စရပ်များ၊ Stanford တက္ကသိုလ်နှင့် ပူးပေါင်းချိတ်ဆက်၍ ပြင်ပဆရာဝန်များအား Diploma in Emergency Medicine သင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး ကိစ္စရပ်များနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (Emergency Medical Care) နှင့်သက်ဆိုင်သော အကြောင်းအရာများအား “အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ” အောက်ရှိ “ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ” အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအား အသိပေးရှင်းလင်းဆွေးနွေးပွဲတစ်ခုနှင့် အရေးကျန်းမာရေးစောင့်ရှောက်မှု အလုပ်ရုံဆွေးနွေးပွဲတစ်ခုတို့ကို ပြုလုပ်ဆောင်ရွက်ရန် ကိစ္စရပ်များအားလည်းကောင်း၊

     ပါမောက္ခ ဒေါက်တာမော်မော်ဦးက လူနာများအား ဆေးရုံသို့ မရောက်ရှိမီ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု (Pre-hospital Care) နှင့် ဆေးရုံတစ်ခုမှ အခြားဆေးရုံသို့ လူနာလွှဲပြောင်းရာတွင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များအားလည်းကောင်း၊


 

     ဒေါက်တာသန်းလတ်အောင်က ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်ရှိ မြို့နယ်ဆေးရုံများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဆေးရုံများမှ ကျန်းမာရေးဝန်ထမ်းများအား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု မွမ်းမံသင်တန်းများ ပြုလုပ်ပေးရန် ကိစ္စရပ်များနှင့် နေပြည်တော်၊ ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးရှိ အရေးပေါ်ကုသမှုဆေးပညာဌာနအား အဆင့်မြှင့်တင်ရန် ကိစ္စရပ်များအားလည်းကောင်း၊

     ဒေါက်တာစုစုလှိုင်မှ အိန္ဒိယနိုင်ငံ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ (၅-၆-၂၀၁၈) ရက်နေ့မှ (၆-၆-၂၀၁၈) ရက်နေ့အထိ ကျင်းပခဲ့သည့် “Regional Consultation Meeting on Strengthening Emergency Medical Team” တွင် ဆွေးနွေးခဲ့သော အကြောင်းအရာများနှင့် အကြံပြုချက်များအားလည်းကောင်း အသီးသီးတင်ပြခဲ့ကြပါသည်။


 

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက -

■   Training of Trainers သင်တန်းများအပါအဝင် Emergency Medicine သင်တန်းများ ပြုလုပ်နိုင်ရန်နှင့် Emergency Medicine Technician (Paramedic) များ သင်ကြားမွေးထုတ်ပေးနိုင်ရန်အတွက် Emergency Medical Technician သင်တန်းကျောင်းအား ဇမ္ဗူသီရိ ခုတင် (၅၀) ဆေးရုံတွင် ဖွင့်လှစ်သင်ကြားနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်၊

■   ဆေးတက္ကသိုလ် (၁) နှင့် Stanford University တို့ ပူးပေါင်းချိတ်ဆက်၍ Diploma in Emergency Medicine သင်တန်းများပြုလုပ်နိုင်ရေးကို တင်ပြလာမှုအပေါ် သဘောတူညီသဖြင့် အစီအစဉ်အသေးစိတ်ကို တင်ပြပါရန်၊

■   အရေးပေါ်လူနာများအား လူနာတင်ယာဉ်ဖြင့် လွှဲပြောင်းကုသရာတွင် လူနာတင်ယာဉ်တွင် လိုက်ပါမည့် ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများကို လူနာတင်ယာဉ်တွင်ပါရှိမည့် ပစ္စည်းများ အသုံးပြုနိုင်စေရန်နှင့် အရေးပေါ်ကုသမှုများပေးနိုင်ရန် သင်တန်းပေးရန်၊

■   မြို့နယ်အဆင့် ဆေးရုံများရှိ အရေးပေါ်ဌာနများ၏ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု (Emergency Medical Care) နှင့် အရေးပေါ်လူနာလွှဲပြောင်းမှု (Emergency Referral) အခြေအနေကို ဆန်းစစ်၍ အဆင့်မြှင့်တင်မှုများပြုလုပ်နိုင်ရန်နှင့် လိုအပ်သည့်ထောက်ပံ့မှုများ ပြုလုပ်နိုင်ရန်အတွက် မြို့နယ်အဆင့် ဆေးရုံ (၄) ရုံတွင် ကွင်းဆင်းဆန်းစစ် လေ့လာမှုများပြုလုပ်ရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။

 
 

More Tags