အမျိုးသားအသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေးစီမံချက်မှ ၂၀၁၇ ခုနှစ်၊ မေလ၊ နောက်ဆုံးပတ်မှစတင်၍ အသည်းရောင်အသားဝါစီရောဂါလူနာ (၂၀ဝ၀) ဦးအား အခမဲ့ဆေးကုသမှုပေးမည့် အစီအစဉ်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြသည့် အခမ်းအနား

နေပြည်တော်။    မေလ(၁၂)ရက်
        အမျိုးသားအသည်းရောင်အသားဝါရောဂါကာကွယ်ထိန်းချုပ်ရေးစီမံချက်မှ ၂၀၁၇ ခုနှစ်၊ မေလ၊ နောက်ဆုံးပတ်မှစတင်၍ အသည်းရောင်အသားဝါစီရောဂါ လူနာ (၂၀ဝ၀)ဦးအား အခမဲ့ ဆေးကုသမှုပေးမည့် အစီအစဉ်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြသည့် အခမ်းအနားအား မေလ (၁၂)ရက်နေ့၊ နံနက်(၁၁ ဝ၀) နာရီတွင် နေပြည်တော်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

     ပထမဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က အသည်းရောင်အသားဝါရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ လည်းကောင်း၊ စီမံချက်မန်နေဂျာ ဒေါက်တာခင်စန္ဒာအောင်က အသည်းရောင်အသားဝါစီရောဂါ ကုသရေးလုပ်ငန်းအတွက် ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ရန်ကုန်အထူးကုဆေးရုံကြီး၊ အသည်းရောဂါ ဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာဝင်းနိုင်က ဆေးရုံအခြေပြု အသည်းရောင် အသားဝါစီရောဂါကုသရေးလုပ်ငန်းအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဌေးဌေးတင်က အသည်းရောင်အသားဝါစီရောဂါကုသရေးလုပ်ငန်းစဉ်တွင် ဓာတ်ခွဲစစ်ဆေးရေး အခန်းကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများ၏ ဆွေးနွေးမေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အသည်းရောင်ရောဂါ စီနှင့်ဘီ ကဲ့သို့သောရောဂါများကို ရောဂါဖြစ်ပွားမှ ပျောက်ကင်းအောင်ကုသခြင်းထက် ရောဂါမဖြစ်ပွားစေရန် ကာကွယ်ခြင်းသည် အလွန်အရေးပါကြောင်း၊ ပြည်သူများအနေဖြင့် အသည်းရောင်ရောဂါ ဗိုင်းရပ်စ်ပိုးများ ကူးစက်ခြင်းမှကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးအသိပညာမြှင့်တင်ရေးသည် အလွန်အရေးပါ၍ ပိုမိုအားထည့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အသည်းရောင်ရောဂါဘီနှင့်ပတ်သက်လျှင် ကာကွယ်ဆေး ထိုးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန်လိုကြောင်း၊ ထို့အတူ အသည်းရောင်ရောဂါစီအား ကာကွယ်နိုင်ရန်အတွက် သွေးနှင့်သွေးပစ္စည်းများ၏  ဇီဝလုံခြုံမှုအဆင့်အတန်း(Biosafety) အပြည့်အဝ ရရှိရန်လိုကြောင်း၊ ကုသမှုလုပ်ငန်းများထိရောက်မှုအခြေအနေကိုလည်း စဉ်ဆက်မပြတ် လေ့လာသိရှိ နိုင်ရန်နှင့် မဟာဗျူဟာမြောက်သတင်းအချက်အလက်(Strategic Information)များ ရရှိစေရန် လက်တွေ့ သုတေသနလုပ်ငန်းများပြုလုပ်ရန်လိုအပ်ကြောင်း၊ ဆေးကုသခွင့်ရရှိမည့်လူနာများကို ဦးစားပေး ရွေးချယ်ရာတွင် ကျင့်ဝတ်နှင့်အညီဆောင်ရွက်စေလိုကြောင်း၊   အသည်းရောင်အသားဝါစီရောဂါ ကုသရေး လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ညှိနှိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

    ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးအား Global Health Supply Chain- Procurement and Supply Management Project မှ Procurement Consultant, Mr. Allan Rotman ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ဆေးပစ္စည်းများဝယ်ယူသိုလှောင်ခြင်း၊ ဆေးရုံများတွင် Computer Software များအသုံးပြု၍ ဆေးသိုလှောင်သည့်နည်းစနစ်ကျင့်သုံးနိုင်ရေး၊ ဆေးသိုလှောင်ခန်းတာဝန်ရှိသူများအား ဆေးပစ္စည်းများအလေအလွင့်မရှိစေရန် မွမ်းမံသင်တန်းများပေးခြင်း၊ ဝန်ကြီးဌာနအတွက်လိုအပ်သော ဆေးနှင့်ဆေးပစ္စည်းများဝယ်ယူရာတွင်စနစ်တကျကြိုတင်တွက်ချက် ခန့်မှန်းနိုင်သော နည်းစနစ်များ၊ နိုင်ငံတော်ရန်ပုံငွေအား အကျိုးအရှိဆုံးဖြစ်အောင် ဝယ်ယူနိုင်မည့်နည်းစနစ်များ၊ ဆေးဝါးပစ္စည်းများ စနစ်တကျ သိုလှောင်ဖြန့်ဖြူးနိုင်မည့်စနစ်အတွက်လိုအပ်ချက်များ စသည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ ပါသည်။

    တွေ့ဆုံဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။

More Tags